Blue Ocean Strategy ကို ပင်လယ်ပြာဗျူဟာလို့ မြန်မာမှုပြုနိုင်ပါတယ်။ ဈေးကွက်မှာ အချင်းချင်းယှဉ်ပြိုင်မှုသိပ်များပြီး တိုက်ခိုက်နေမယ့်အစား အေးအေးဆေးဆေး ယှဉ်ပြိုင်တဲ့ပုံစံလို့ ဆိုလိုတာဖြစ်ပါတယ်။

လူတိုင်းကတော့ စီးပွားရေးလုပ်ကိုင်ရာမှာ ဘယ်သူမှမထုတ်ဖူးတဲ့၊ ဘယ်သူမှမလုပ်ဖူးတဲ့ ထုတ်ကုန်မျိုး လုပ်ငန်းမျိုးကိုလုပ်ပြီး သူများထက်အရင်ဦးချင်တယ်။ အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် ဒီလိုဖြစ်ဖို့က ပြောသလောက်မလွယ်ပါဘူး။ အဖြေတစ်ခုအနေနဲ့မဟုတ်ပဲ ပိုကောင်းတဲ့နည်းလမ်းတစ်ခုအဖြစ် W. Chan Kim နဲ့ Renee Manuborgne တို့က Idea တစ်ခုကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့ဒါကတော့ ကုမ္ပဏီတွေအနေနဲ့ ပင်လယ်ပြင်ထဲမှာ သွေးသံရဲရဲ (Red Ocean) အပြိုင်အဆိုင်လုပ်နေကြသလို ရုန်းကန်လှုပ်ရှားနေဖို့မလိုပဲ အေးငြိမ်းသာယာတဲ့ ပင်လယ်ပြာ (Blue Ocean) ထဲမှာ ရပ်တည်လှုပ်ရှားနိုင်ဖို့ သူတို့ကအဆိုပြုပါတယ်။

သူများကို ပြိုင်ဖို့မလို

ကုမ္ပဏီတစ်ခုရဲ့ စီးပွားရေးမဟာဗျူဟာက အခြားလုပ်ငန်းရဲ့ စံကိုမီဖို့ ကြိုးစားအမီလိုက်နေရတာဆိုရင် မိမိကိုယ်တိုင် ဆုံးရှုံးနေတာပဲလို့ စဉ်းစားနိုင်ပါတယ်။ သူများထက်သာအောင်လုပ်နေတယ်၊ သူများကို ပြိုင်နေတယ်ဆိုတာ ကိုယ့်မှာ သူများထက်ထူးဆန်းတာ ဘာမှမရှိဘူးဆိုတာကို ပြတာပဲလို့ ဒီ Idea က ဆိုထားပါတယ်။

ဒီ Strategy မှာ သူများနဲ့မတူတဲ့ ထုတ်ကုန်ကို ထုတ်လုပ်ဖို့၊ ဒါမှမဟုတ် ကုန်ထုတ်လုပ်တဲ့စရိတ်ကို လျှော့ချဖို့ ရွေးချယ်တာမျိုးသာမဟုတ်ပဲ ဒီနှစ်ချက်လုံးကို ပြိုင်တူလုပ်ဆောင်တာဖြစ်ပါတယ်။

ပင်လယ်နီနဲ့ ပင်လယ်ပြာ

ပင်လယ်နီထဲမှာ ကူးခတ်နေတာဆိုရင် အခြားသူတစ်ဦး၊ ပြိုင်ဘက်တစ်ဦးကို အနိုင်ရအောင်လုပ်နေတဲ့၊ အနိုင်ရချင်တဲ့ကန့်သတ်မှုနဲပ ကျဉ်းမြောင်းတဲ့နယ်ပယ်ထဲမှာပဲ တိုက်ခိုက်နေတာဖြစ်လိမ့်မယ်။

ပင်လယ်ပြာဆိုတာကတော့ တစ်ခြားသူတွေလည်းမသိသေးတဲ့ နယ်မြေသစ်မှာ လှုပ်ရှားရမှာပါ။

ဆန်းသစ်တဲ့ဗျူဟာနဲ့ တန်ဖိုးကိုတိုးတက်စေခြင်း

အထက်မှာ ဖော်ပြခဲ့တဲ့ ပညာရှင်နှစ်ယောက်ဟာ Blue Ocean Strategy ဆိုတဲ့စာအုပ်ကို 2004 ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ Blue Ocean Strategy ကို Value Innovation လို့လည်း ညွှန်းဆိုသုံးစွဲပါတယ်။ ဝယ်သူအတွက်ရော၊ ကုမ္ပဏီအတွက်ပါ ဆန်းသစ်တဲ့ဗျူဟာနဲ့ တန်ဖိုးကို အဆတိုးစေတာဖြစ်ပါတယ်။ တုဖက်ပြိုင်ဆိုင်လုပ်နေတာမဟုတ်ပဲ ဆန်းသစ်တီထွင်ပြီး လုပ်တာကို ဆိုလိုပါတယ်။

အဓိကလုပ်ရမယ့် လုပ်ငန်းတွေ

Blue Ocean Strategy ကိုအသုံးပြုမယ်ဆိုရင် အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းတွေကတော့ –

၁။ ဈေးကွက်ကန့်သတ်ထားတဲ့ဘောင်တွေကို အသစ်ပြန်သတ်မှတ်ပါ။ (ဥပမာ – လူငယ်တွေအတွက် ထုတ်လုပ်နေတဲ့ပစ္စည်းကို လူကြီးတွေအတွက်ထုတ်ရင် ဘယ်လိုဖြစ်နိုင်မလဲဆိုတဲ့ ဘောင်အပြင်က စဉ်းစားတာမျိုး၊ မြို့နေလူထုသုံးနေတဲ့ပစ္စည်းတွေကို ကျေးလက်ကလူတွေ သုံးနိုင်အောင် ကော်ဖီမစ်၊ Shampoo အထုပ်သေးလေးတွေ ထုတ်တာမျိုးတွေက Innovative ဖြစ်ပြီး ဈေးကွက်ကို ပိုမိုကျယ်ပြန့်လာစေပါတယ်။)
၂။ မြင်ကွင်းကျယ်ဖို့ကို အာရုံထားပါ။ (တစ်မျိုးတည်းကို အာရုံစိုက်တာမျိုး မဟုတ်တာကိုပြောတာပါ။ ဥပမာ – Snack တွေထုတ်တဲ့အခါ ကလေးရောလူကြီးပါ စားလို့ရတဲ့မုန့်မျိုး ထုတ်တာဖြစ်ပါတယ်။)
၃။ အသေးစိတ်ကိန်းဂဏန်းတွေကို အလေးထားမနေပါနဲ့။
၄။ မိမိပစ္စည်းကို သုံးစွဲနေသူတွေကိုသာ အာရုံစိုက်မနေပဲ မသုံးစွဲသေးတဲ့သူတွေကိုလည်း အာရုံပြုပါ။
၅။ ဗျူဟာအဆင့်ဆင့်ကို မှန်အောင်လုပ်ဖို့လိုပါသေးတယ်။ ဝယ်သူအတွက် အသုံးကျဖို့ကတော့ ပထမအလေးထားရမယ့်အချက်ဖြစ်ပြီး ဝယ်သူအများ ပေးနိုင်မယ့်ဈေးဖြစ်ဖို့ကလည်း ဒုတိယအရေးကြီးပါတယ်။ ထုတ်လုပ်မှုစရိတ်က ရောင်းဈေးထက် နည်းအောင်ထုတ်လုပ်ပြီး ကိုယ့်အတွက် တွက်ခြေကိုက်ဖို့လည်း အရေးကြီးသေးတယ်။ နောက်ဆုံးအနေနဲ့ဖြတ်ကျော်ရမယ့် အခက်အခဲ၊ အပြောင်းအလဲတွေကို ဖြတ်ကျော်ပြီး အောင်အောင်မြင်မြင်နဲ့ ထွက်ပေါ်လာနိုင်ဖို့ပါပဲ။
ဒီအဆင့်တွေအတိုင်းဖြစ်မယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်မှုဆိုတာ အဓိပ္ပာယ်မရှိတော့ပါဘူး။ အဓိကက ကိုယ့်ဟာကိုယ် ကြိုးစားနေဖို့ပဲလိုတာပါ။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *