M&A (Mergers & Acquisitions) ဆိုတာ ရင်းနှီးမြှုပ်နှံသူတွေ စဉ်းစားရတဲ့ကိစ္စ၊ အသုံးများတဲ့ ဝေါဟာရတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခု ပူးပေါင်းကြမယ်ဆိုရင် Merge လုပ်တယ်လို့ခေါ်ပြီး ကိုယ်လိုချင်တဲ့ကုမ္ပဏီကို တစ်ခါတည်းဝယ်ယူလိုက်တာက Acquisition ဖြစ်ပါတယ်။ Merger လုပ်တယ်ဆိုရင် ပူးပေါင်းလိုက်တဲ့ကုမ္ပဏီကို သူရောကိုယ်ပါ ပိုင်ဆိုင်ပြီး အုပ်ချုပ်မှုအာဏာကို အချိုးကျဝေမျှကြရပါတယ်။ Acquisition လုပ်လိုက်တယ်ဆိုရင်တော့ ကုမ္ပဏီကို ဝယ်ယူလိုက်တဲ့သူတစ်ဦးတည်းက ပိုင်ဆိုင်သွားပြီး သူကြိုက်သလို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

Merger ဆိုတာ အခြားကုမ္ပဏီတစ်ခုနဲ့ တန်းတူရည်တူ စုစည်းပေါင်းဖက်ပြီး ကုမ္ပဏီအသစ်တစ်ခုရဲ့ ရှယ်ရာတွေကို ပူးပေါင်းပိုင်ဆိုင်ခြင်းလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Merger လုပ်တဲ့ကုမ္ပဏီတွေထဲက အင်အားသာတဲ့အဖွဲ့က နောက်အဖွဲ့ကို စိုးမိုးသွားတဲ့သဘော ရှိတတ်ပါတယ်။ ပူးပေါင်းတဲ့သဘောကိုဆောင်ပေမယ့် အမှန်ကအပေါင်းခံရ၊ အသိမ်းခံရတာလည်း ဖြစ်သွားနိုင်ပါတယ်။ ပူးပေါင်းတာက သိမ်မွေ့ပြီး သိမ်းယူတာက စီးပိုးတဲ့သဘောဖြစ်ပါတယ်။

Merger လုပ်နိုင်တဲ့ပုံစံ သုံးမျိုးရှိပါတယ်။

(၁) လုပ်ငန်းတူချင်းပေါင်းတယ်ဆိုရင် Horizontal (ဘေးတိုက်ပေါင်းခြင်း)

(၂) ကိုယ်ကသူ့ဆီကပစ္စည်းဝယ်တယ်၊ ဒီလိုလူနှစ်ယောက်ပေါင်းရင်တော့ Vertical (အထက်အောက်ပေါင်းခြင်း)

(၃) လုံးဝဆက်စပ်မှုမရှိတဲ့ လုပ်ငန်းနှစ်ခုပေါင်းတာကတော့ Extension (ချဲ့ထွင်ခြင်း၊ တိုးချဲ့ခြင်း) ဖြစ်ပြီး Conglomerate လို့ သုံးနှုန်းကြပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ Group of Companies နဲ့ ဆင်တူပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ ပူးပေါင်းမှုပုံစံတစ်ခုကတော့ စတော့ဈေးကွက်စာရင်းဝင်တဲ့ ကုမ္ပဏီတစ်ခုကို စတော့စာရင်းမဝင်တဲ့ ကုမ္ပဏီတစ်ခုက ဝယ်ယူတာဖြစ်ပါတယ်။ ဥပမာ စင်္ကာပူမှာရှိပြီးသား စတော့ဈေးကွက်စာရင်းဝင် Listed ဖြစ်ပြီးတဲ့ ကုမ္ပဏီတစ်ခုကို မြန်မာကုမ္ပဏီက ဝယ်လိုက်ခြင်းအားဖြင့် စင်္ကာပူစတော့ဈေးကွက်စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။

ဝယ်လိုက်တဲ့ကုမ္ပဏီက အရင်လုပ်ငန်းအဟောင်းရဲ့ မလိုအပ်တဲ့ပစ္စည်းအားလုံးကို ရောင်းချပြီး မူလလုပ်ငန်းကိုရပ်ဆိုင်းလိုက်ကာ နာမည်ကိုသာ သုံးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Reorganize ပြန်လည်ဖွဲ့စည်းလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စတော့ဈေးကွက်စာရင်းဝင်တဲ့ ကုမ္ပဏီကို ဝယ်ယူပူးပေါင်းလိုက်တာဟာ အများပိုင်ကုမ္ပဏီအဖြစ် အစကနေဖွဲ့ပြီး အဆင့်ဆင့်လုပ်ရတာထက် ပိုလွယ်ကူပြီး စတော့ဈေးကွက်စာရင်းဝင်တဲ့ကုမ္ပဏီအဖြစ် Publicist အကျိုးကို ရရှိနိုင်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *