ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် တစ်ဘဝလုံးကို သတိပြုဆင်ခြင်နေဖို့ မလိုပါဘူး။ အခုကစပြီး အချိန် (၁)မိနစ်အတွင်းမှာ ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်နိုင်စေဖို့ နည်းလမ်း(၁၈)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ HDL ကိုလက်စထရောဓာတ်မြင့်တက်စေမည့် စားစရာများစားပါ
လေ့လာမှုတွေအရ တစ်နေ့ကို အငံမပါတဲ့ သီဟိုဠ်သရက်စေ့ ၂/၃ အောင်စလောက်စားပေးမယ်ဆိုရင် (၄)ပတ်အကြာမှာ High Density Lipoprotein အမည်ရ ခန္ဓာကိုယ်အတွက်ကောင်းကျိုးဖြစ်စေတဲ့ ကိုလက်စတရောဓာတ် (၆)ရာခိုင်နှုန်းတိုးတက်လာတာတယ်လို့ ဆိုပါတယ်။

၂။ သွားကို အခြောက်တိုက်ပါ
သွားတိုက်တံမှာ သွားတိုက်ဆေးမထည့်ပဲ သင့်ရဲ့သွားတွေကို ခြောက်သွေ့နေတဲ့သွားတိုက်တံနဲ့ စက္ကန့်(၃၀)လောက် တိုက်ပေးပါ။ ဒီလိုလုပ်ပေးတာက သွားချေးတွေကို ပြောင်စေနိုင်ပြီး သွားဖုံးသွေးယိုခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ နူးညံ့တဲ့သွားတိုက်တံအခြောက်ကို သုံးပြီး သွားတွေရဲ့ အတွင်းပိုင်းကို အရင်တိုက်ပါ။ ပြီးမှ အပြင်ဖက်ကိုတိုက်ပါ။ ပလုပ်ကျင်းပါ။ ပုံမှန်အတိုင်း သွားတိုက်ဆေးနဲ့ တိုက်ပါ။

၃။ နားတွေကို လေ့ကျင့်ပေးပါ
အသက်ကြီးပြီး အဖိုးအဖွားအရွယ်ရောက်တဲ့အထိ နား အကြားအာရုံတွေကောင်းနေချင်တယ်ဆိုရင် တေးဂီတနဲ့ နားကို လေ့ကျင့်ပေးဖို့လိုပါတယ်။ ပထမဆုံး အသံအတိုးအကျယ်ကို သာမန်ကြားနိုင်ရုံလာက်သာ ထားရှိပါ။ ပြီးရင် ကြားနေရတဲ့ ဂီတသံစဉ်တွေထဲက တူရိယာသံတစ်ခုထဲကိုပဲအာရုံစိုက်နားထောင်ပါ။ ဒီလေ့ကျင့်ခန်းက နေ့စဉ်နဲ့အမျှအသံတွေကို အသေးစိတ်ကြားသိနိုင်စွမ်းရှိလာအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

၄။ စွမ်းအားဖြည့်ပါ
ပင်ပန်းနွမ်းနယ်လာတဲ့အခါမှာ လန်းဆန်းသွားစေဖို့ ကော်ဖီမသောက်ပါနဲ့။သံပုရာအရသာ ဆိုဒါရည် တစ်ခုခု သုံးဆောင်ပြီး စွမ်းအားဖြည့်ပါ။

၅။ နေ့လည်စာ ဘာစားလဲ မှတ်ထားပါ
နေ့လည်စာကို ဘာတွေစားခဲ့လဲဆိုတာကို မှတ်မိနေတာက ညနေပိုင်းမှာအခြားသရေစာတွေစားချင်စိတ်ကို လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့်အချိန်မဟုတ်ပဲတစ်ခုခုစားချင်လာရင် မနက်စာ ဒါမှမဟုတ် နေ့လည်စာကို ဘာနဲ့စားခဲ့လည်း ပြန်စဉ်းစားလိုက်ပါ။

၆။ မကောင်းတဲ့အတွေးများ ရှင်းထုတ်ပါ
အလိုလိုမကောင်းမြင်နေတတ်တဲ့ အတွေးတွေက စိုးရိမ်ကြောင့်ကျမှုကို ဖြစ်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်လာစေပါတယ်။ ဒါ့ကြောင့် မကောင်းတဲ့စိတ်ကူးတစ်ခု ပေါ်လာပြီဆိုတာနဲ့ ချရေးလိုက်ပြီး မေ့ပစ်လိုက်ပါ။ နောက်မှ ဒီအတွေးတွေ ဘယ်ကလာလဲဆိုတာကို ပြန်ဆန်းစစ်ပြီး အတွေးမှန်အောင်ပြင်ဆင်ပါ။

၇။ ကြင်ဖက်ကို ချီးကျူးပါ
အိမ်ထောင်ရေးမသာယာမှုက နာမကျန်းဖြစ်နိုင်ချေ (၃၅)ရာခိုင်နှုန်းပိုများလာစေနိုင်ပြီး သက်တမ်း(၄)နှစ် တိုသွားစေနိုင်ပါတယ်။ သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့က သင့်ရဲ့ကြင်ဖက်နဲ့ ပတ်သက်ပြီး လေးစားချစ်ခင်ရတဲ့အကြောင်းတွေကို ချီးကျူးစကားပြောပေးရုံပါပဲ။

၈။ ပါးပါးလှီးပါ၊ နည်းနည်းစားပါ
စားစရာတွေကို အတုံးလိုက်မလှီးပဲနဲ့ အချပ်လိုက်ပါးပါးလှီးတာက နည်းနည်းစားရုံနဲ့ တင်းတိမ်သွားစေနိုင်ပါတယ်။ တကယ်တော့ အချပ်လိုက်ပါးပါးလှီးထားတာက စားစရာတွေကို ပိုကြီးတယ်လို့ ထင်ရစေပြီး သိပ်မစားရပဲနဲ့ ဝသွားတာကြောင့်ဖြစ်ပါတယ်။

၉။ ဆေးသောက်လွယ်အောင်
အရသာဆိုးတဲ့ ဆေးဝါးတွေ သောက်သုံးရမယ်ဆိုရင် မသောက်ခင် စက္ကန့်ပိုင်းလောက်မှာ ရေခဲတုံးလေးတစ်ခုကို ငုံထားလိုက်ပါ။ ရေခဲရဲ့အအေးဓာတ်က အရသာကို မသိအောင် ခေတ္တလုပ်ထားပေးနိုင်တာကြောင့် အလွယ်တကူဆေးသောက်လို့ ရမှာဖြစ်ပါတယ်။

၁၀။ များများဝါးပါ။
လိမ္မော်သီးဖျော်ရည်သောက်မယ့်အစား လိမ္မော်သီးစားပါ။ အသီးဖျော်ရည်တွေ သောက်သုံးမယ့်အစား အသီးတစ်ခုလုံးကို စားပါ။ ဒီလိုဝါးစားရတာက တင်းတိမ်မှုကဖြစ်စေနိုင်ပြီး စားလိုက်တဲ့အစာတွေကို ချေဖျက်ဖို့အချိန်ပိုယူရတာကြောင့် ဗိုက်မဆာပဲအချိန်ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။

၁၁။ အချဉ်များများစားပါ
ချဉ်တဲ့အရသာရှိတဲ့ စားစရာတွေမှာ acetic acid ဓာတ်များတာကြောင့်ကစီဓာတ်တွေကို ပြိုကွဲစေပြီး သွေးအတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်မှာဖြစ်ပါတယ်။

၁၂။ ကားမောင်းရင် ခါးမနာအောင်
ကားအကြာကြီးမောင်းရတဲ့အတွက် ခါးမနာရအောင် နောက်ကြည့်မှန်ကိုအပေါ်နည်းနည်းထောင်ထားလိုက်ပါ။ ဒါဆိုရင် ခန္ဓာကိုယ်ကို ခပ်လျှောလျှောထိုင်မိတော့မှာမဟုတ်ပဲ နောက်ကားကိုမြင်ရဖို့ မတ်မတ်ပဲထိုင်နေရမှာ ဖြစ်ပါတယ်။

၁၃။ လက်ဖက်ရည်ကို အချဉ်ညစ်သောက်ပါ
လက်ဖက်ခြောက်ခပ်ထားတဲ့ လက်ဖက်ရည်(ရေနွေးကြမ်း)အအေးပဲဖြစ်ဖြစ် အပူပဲဖြစ်ဖြစ် သောက်တဲ့အခါမှာ သံပုရာရည်ညစ်သောက်ပါ။ သံပုရာသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်းတွေကို ပိုထွက်လာစေတာကြောင့် ဖြစ်ပါတယ်။

၁၄။ ထမင်းစားပွဲမှာ ပန်းအိုးထိုးပါ
အထူးသဖြင့် မနက်စားစားသောက်တဲ့အချိန်မှာ ဒေစီပန်း၊ ကျူးလစ်ပန်း၊နှင်းဆီပန်းနဲ့ အခြားပန်းတွေကို ပန်းအိုးတစ်ခုနဲ့ ထိုးထားတာက ခံစားမှုကို ကောင်းစေမှာဖြစ်ပါတယ်။ မနက်ပိုင်းမှာ လန်းဆန်းလှပတဲ့ ပန်းတွေကိုတွေ့မြင်ရတာက လူတွေကို ပိုပြီးပျော်ရွှင်ကျေနပ်စေပြီး ခွန်အားပြည့်ဝစေနိုင်ပါတယ်။

၁၅။ ပိုးမွှားတွေကို ရှင်းထုတ်ပါ
သင့်မီးဖိုခန်းထဲက ပန်းကန်ဆေးရေမြုပ်ဖတ်မှာ ဘက်တီးရီးယာသန်းပေါင်းများစွာ ရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်။ စိုစွတ်မှုနဲ့ အစားအသောက်အစအနတွေကြောင့် အီးကိုလိုင်လို ပိုးမွှားတွေ များစွာပေါက်ဖွားနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရေမြုပ်ဖတ်တွေကို မိုက်ခရိုဝေ့ဗ်မီးဖိုထဲ စက္ကန့်(၃၀)လောက် အပူပေးတာ ဒါမှမဟုတ် ရေနွေးဆူဆူနဲ့ (၅)မိနစ်လောက်ပြုတ်ပြီးပိုးမွှားတွေကို ရှင်းထုတ်နိုင်ပါတယ်။

၁၆။ ဗီတာမင် G မှီဝဲပါ
ဗီတာမင် G ဆိုတာ ကိုပြောတာပါ။ သင့်ရဲ့စိတ်သဘောထားကို ပြုပြင်တတ်ဖို့ ဆိုလိုတာဖြစ်ပါတယ်။ လက်ရှိဘဝကို အသိအမှတ်ပြုပြီး ကျေနပ်နိုင်တာက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး ပျော်ရွှင်ကျန်းမာစေနိုင်ပါတယ်။ လက်ရှိကျန်းမာရေး၊ စားစရာ၊မိသားစု၊ မိတ်ဆွေ စသဖြင့် အားလုံးကို အသိအမှတ်ပြုပြီး ကျေးဇူးသိတတ်ပါစေ။

၁၇။ အိပ်ပျော်အောင် အိပ်ပါ
အိပ်ပျော်သွားဖို့ ခက်နေပါသလား။ ခြေအိတ်တွေ လက်အိတ်တွေ စွပ်ထားလိုက်ပါ။ လေ့လာမှုတွေအရ ခြေတွေ လက်တွေ နွေးထွေးနေရင်အမြန်ဆုံးအိပ်ပျော်သွားစေတယ်လို့ ဆိုပါတယ်။ ခြေတွေ လက်တွေနွေးနေတာက ခန္ဓာကိုယ်အတွင်းပိုင်း အပူချိန်ကို လျော့ကျသွားစေနိုင်တာကြောင့် ပုံမှန်အိပ်ပျော်ဖို့ ကြာချိန်ထက် ထက်ဝက်လောက်လျော့နည်းပြီး အိပ်ပျော်သွားနိုင်တယ်လို့ ဆိုပါတယ်။

၁၈။ တစ်မိနစ်စောင့်ပါ
အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုခု ချခါနီးမှာ နောက်ဆက်တွဲကိစ္စတွေကိုအချိန်(၁)မိနစ်လောက်ယူပြီး စဉ်းစားပါ။ ဝိုင်နောက်တစ်ခွက်သောက်ဖို့၊အလုပ်ကနေထွက်ဖို့၊ ဆေးတစ်လုံးမျိုချဖို့ကနေစပြီး ကလေးကို အော်ဖို့အထိ တစ်ခုခုလုပ်ခါနီးတိုင်းမှာ တစ်မိနစ်စောင့်ပြီး စဉ်းစားပါ။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *