Outsourcing ဆိုတာ အခုနောက်ပိုင်းမှာ အလုပ်တွေအကုန်လုံးကို ကိုယ့်စက်ရုံတစ်ခုတည်းမှာပဲလုပ်တာမျိုး မဟုတ်တော့ပဲ တစ်စိတ်တစ်ပိုင်းကို အခြားကုမ္ပဏီတစ်ခုဆီ လွှဲအပ်ပြီးလုပ်ခိုင်းတာမျိုးဖြစ်ပါတယ်။ ဥပမာ – ကိုယ့်အဖွဲ့အစည်းရဲ့ ကွန်ပျူတာနဲ့ဆက်စပ်ရာအလုပ်တွေကို ဌာနတစ်ခုထားပြီးလုပ်မယ့်အစား အခြားကုမ္ပဏီကိုတာဝန်ပေးပြီး လုပ်စေတာမျိုး၊ ကိုယ့်ကုမ္ပဏီရဲ့ Landscaping ကိစ္စမျိုးကို မာလီထားပြီးမလုပ်တော့ဘဲ တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ်စသည်ဖြင့် Landscaping လုပ်တဲ့ကုမ္ပဏီကိုအပ်ပြီး လာလုပ်ခိုင်းစေတာမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးအပြင်ထုတ်အလုပ်အပ်ခြင်းအားဖြင့် ကိုယ့်ကုမ္ပဏီကလူတွေအများကြီးသုံးစရာမလိုတော့ဘဲ တစ်ခြားကုမ္ပဏီရဲ့ ကျွမ်းကျင်မှုကို သုံးလိုက်တဲ့သဘောဖြစ်ပါတယ်။

Outsourcing နဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေက Business ကိုအပြင်ထုတ်အပ်ရင် BPO (Business Process Outsourcing) လို့ခေါ်ပြီး IT လုပ်ငန်းကို အပြင်ထုတ်အပ်ရင်တော့ ITO (Information Technology Outsourcing) လို့ခေါ်ပါတယ်။

အိန္ဒိယမှာရှိတဲ့ Call Center တွေဟာ လူသိများတဲ့ Outsourcing လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Customer နဲ့ဆက်သွယ်တဲ့ဖုန်းတွေကို Outsource Center တွေဖြစ်တဲ့ Call Center တွေကလက်ခံတယ်။ Customer လိုချင်တဲ့ဝန်ဆောင်မှုတွေကို သူတို့ကပေးတယ်။ နောက်တစ်ခုက ကိုယ့်လုပ်ငန်းကနေပေးဆောင်ရမယ့် အခွန်အခတွေနဲ့ပတ်သက်လို့ တွက်ချက်ရတဲ့ကိစ္စတွေအတွက် လိုအပ်တဲ့အချက်အလက်တွေကိုပို့လိုက်ပြီး Call Center တွေကိုအပ်လိုက်တယ်။ ဒါကို အလုပ်လက်ခံတဲ့ကုမ္ပဏီ Call Center တွေက တွက်ချက်ပြီး ကိုယ့်ဆီပြန်ပေးတယ်။ ဒါလည်း Outsourcing တစ်မျိုးပါပဲ။ ဒီလုပ်ငန်းမျိုးတွေဟာ အိန္ဒိယမှာ ကျော်ကြားတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ အထူးသဖြင့် ဝင်ငွေခွန်တင်သွင်းတဲ့ပုံစံတွေဖြည့်တာ၊ တွက်ချက်တာတွေကို အိန္ဒိယက Call Center တွေက လုပ်ဆောင်ပေးတာလူသိများပါတယ်။ Air Line Reservation လုပ်တာ၊ Income Tax တွက်တာ စတာတွေလည်း ပါဝင်ပါတယ်။

ပြည်ပက Outsourcing တွေကို Offshoring လို့လည်းခေါ်ပါတယ်။

နိုင်ငံခြားအထည်ချုပ်လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံကစက်ရုံတွေကို CMP ဆိုတဲ့ Cut, Make & Pack ဆိုပြီး Outsource လုပ်တာကလည်း ထင်ရှားတဲ့ဥပမာတစ်လုဖြစ်ပါတယ်။ သူတို့ကကုန်ကြမ်းပေးတယ်၊ ဒီဇိုင်းပေးတယ်၊ ဒီကသူတို့လိုချင်တဲ့ပုံစံအတိုင်းချုပ်ပြီး ပြန်ပေးလိုက်ရုံပဲ။ အဲ့ဒီအတွက်ချုပ်ခရတယ်။

Outsource လုပ်တဲ့အခါ ကိုယ့်နိုင်ငံထက် စရိတ်စကသက်သာတဲ့နိုင်ငံမျိုးမှာ အလုပ်အပ်ကြပါတယ်။ တစ်ကမ္ဘာလုံးက သင်္ဘောအဟောင်းတွေဖျက်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်တို့မှာ လာဖျက်ကြတယ်။ အလုပ်ကျွမ်းကျင်တယ်၊ လုပ်သားများတယ်၊ စရိတ်လည်းသက်သာတယ်။

Outsourcing လုပ်ရာမှာ အကျိုးကျေးဇူးအနေနဲ့

စရိတ်ကုန်ကျမှုနည်းတယ်။
လူအင်အားသက်သာတယ်။
Outsourcing လုပ်ငန်းစဉ်အနေနဲ့ အခက်အခဲမရှိ အလုပ်အပ်နိုင်သလို တစ်ခါတစ်လေမှာလည်း အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။ သတိထားရမှာတွေကတော့

အပြင်ကိုထုတ်အပ်လိုက်တာဖြစ်တဲ့အတွက် ရလာတဲ့ Service ရဲ့ အရည်အသွေးကို ကိုယ်က Control မလုပ်နိုင်ဘူး။
ကိုယ့်လုပ်ငန်းရဲ့ လျှို့ဝှက်ဒေတာတွေကို အပြင်ပေါက်ကြားမသွားစေဖို့ သတိထားရမယ်။
ဒါကြောင့် Outsource အပ်တော့မယ်ဆိုရင် အလုပ်မအပ်ခင်မှာ လိုချင်တဲ့ပုံစံအတွက် ကိုယ့်ဘက်က သေသေချာချာကြိုတင်ပြင်ဆင်ပြီးမှ စိတ်တိုင်းကျဖြစ်တဲ့အထိ ညှိနှိုင်းချိန်ဆပြီးမှ လုပ်ဖို့လိုတယ်။ အလုပ်အပ်တဲ့သူနဲ့ အလုပ်လက်ခံတဲ့သူ နှစ်ဦးနှစ်ဖက် သဘောတူညီမှုယူထားပြီးမှ Outsource အပ်မလားဆိုတာ အကွက်ကျကျစေ့စေ့စပ်စပ် စဉ်းစားဆုံးဖြတ်ချက်ချတာဟာ အကောင်းဆုံးဖြစ်ပါတယ်။


အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ ပရိတ်သတ်ကြီးတွေအတွက် အသိပညာနဲ့ ဗဟုသုတရစေမယ့် စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ topic လေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *