Macroeconomics ဆိုတာက တိုင်းပြည်တစ်ပြည်ရဲ့စီးပွားရေးကို ငှက်တစ်ကောင်မြင်ရသည့်မြင်ကွင်းမျိုး ပေးနိုင်သည်။ လုပ်ငန်းတစ်ခုချင်း၊ စားသုံးသူတစ်ဦးချင်းအပြုအမူများကို ကြည်သည့်အစား တစ်နည်းအားဖြင့် microeconomics ကိုကြည့်သည့်အစား macroeconomics ၏ရည်မှန်းချက်မှာ အလုပ်ရရှိမှုအဆင့်၊ စီးပွားရေးတိုးတက်မှု၊ နိုင်ငံခြားငွေပေးငွေယူရှင်းတမ်း၊ ငွေဖောင်းပွမှုတို့ကဲ့သို့သော နိုင်ငံတစ်ခုလုံးနှင့်သက်ဆိုင်သည့် စီးပွားရေးအလားအလာများကို လေ့လာရန်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအခြေအနေကို လေ့လာခြင်းသည်လည်း အခြေခံအနေဖြင့် macroeconomics စစ်တမ်းတစ်ခုပင်ဖြစ်သည်။

အင်ဂျင်စက်တစ်ခု၏ လည်ပတ်မှုသည် ၎င်းသို့ပို့လွှတ်သော ဓာတ်ဆီအနည်းအများအပေါ် မူတည်နေသကဲ့သို့ macroeconomics ကိုလည်း သက်ဆိုင်ရာ စီးပွားရေးအဆောက်အအုံတစ်ခုရှိ ငွေကြေးပမာဏက သြဇာလွှမ်းမိုးသည်။ ငွေကြေးမူဝါဒသည် နိုင်ငံတစ်ခု၏ ငွေကြေးပမာဏကို ထိန်းချုပ်ထားသည်။ ဘဏ္ဍာရေးမူဝါဒက အစိုးရ၏ ရငွေနှင့်အသုံးစရိတ်ကို ထိန်းချုပ်သည်။ နိုင်ငံတစ်ခု၏ စီးပွားရေးအဆောက်အအုံကို ထိန်းချုပ်ရာ၌ အဓိကအားဖြင့် ဗဟိုဘဏ်နှင့် အစိုးရများ၏လက်ထဲ၌ထားကာ ထိန်းချုပ်ကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးအဆောက်အအုံဆက်လက်လည်ပတ်စေရန်အတွက် လိုအပ်သည့်ငွေကြေးကို ၎င်းတို့ကထိန်းချုပ်ထားခြင်းဖြစ်သည်။ နိုင်ငံတစ်ခု၏ငွေကြေးကို ထိန်းချုပ်သည့် ငွေကြေးမူဝါဒကို နိုင်ငံတစ်ခုစီ၏ ဗဟိုဘဏ်က စီမံခန့်ခွဲသည်။ ဂျာမနီနိုင်ငံမှ ဘန်းဒ်စ်ဘဏ်၊ ဗြိတိန်နိုင်ငံမှ အင်္ဂလန်ဘဏ်၊ ဂျပန်နိုင်ငံရှိ ဂျပန်ဘဏ်တို့သည် အမေရိကန်ဗဟိုရန်ပုံငွေအဖွဲ့၏ အခြေခံရည်မှန်းချက်မျိုးနှင့် အလားတူစွာပင် သူတို့၏ငွေကြေးပမာဏများကို ထိန်းချုပ်ကြသည်။ ရည်ရွယ်ချက်မှာ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်ရန်နှင့် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန်တို့ဖြစ်သည်။

ယာဉ်မောင်းသူတစ်ယောက်အနေဖြင့် ယာဉ်၏အရှိန်ကို လျှော့ရန်အတွက်လည်းကောင်း၊ တိုးရန်အတွက်သော်လည်းကောင်း လီဗာကို အသုံးပြုသကဲ့သို့ ဗဟိုဘဏ်များကလည်း ငွေကြေးပမာဏ၊ အတိုးနှုန်းတို့ကို တိုးခြင်း၊ လျှော့ခြင်းအားဖြင့် စီးပွားရေးအဆောက်အအုံကို ထိန်းချုပ်သည်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးရန်အတွက် ငွေကြေးပမာဏကို သေသေချာချာထိန်းချုပ်ခြင်းအားဖြင့် ဗဟိုဘဏ်တစ်ခုသည် နိုင်ငံ၏စီးပွားရေးအဆောက်အအုံကို မြန်မြန်ဆန်ဆန်ကျဆင်းသွားခြင်းမှ သော်လည်းကောင်း၊ တိုးတက်မှုမြန်ပြီး အရှိန်လွန်ခြင်းမှသော်လည်းကောင်း ကာကွယ်တားဆီးပေးသည်။

ငွေကြေးမူဝါဒဆိုသည်မှာ အဓိကအားဖြင့် စဉ်းစားဆင်ခြင်ရသည့် လုပ်ငန်းတစ်ခုပင်ဖြစ်သည်။ ရုပ်မြင်သံကြားများ၊ ရေဒီယိုများ၌ပါဝင်နေသည့် စီးပွားရေးသတင်းများအနေဖြင့် အစိုးရက နောက်ဆုံးထုတ်ပြန်သည့်စာရင်းများအပေါ်တွင် စူးစိုက်လေ့ရှိကြသော်လည်း စီးပွားရေးအဆောက်အအုံတစ်ခုသည် မည်မျှမြန်ဆန်စွာ တိုးတက်နေကြောင်းကို ပြောနိုင်သည့် တစ်ခုတည်းသောညွှန်းကိန်းဟူ၍မရှိချေ။ ထို့အပြင် အကောင်အထည်ဖော်ရန် လပေါင်းနှစ်ပေါင်းများစွာလိုအပ်သည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေးအပြောင်းအလဲများကို စီးပွားရေးအဆောက်အအုံက မည်မျှမြန်မြန်တုံ့ပြန်မည်ကိုလည်း သိစရာအကြောင်းမရှိပေ။ ယေဘုယျအားဖြင့် ဗဟိုဘဏ်များသည် စီးပွားရေးအဆောက်အအုံမြန်ဆန် အရှိန်လွန်၍ ပေါ်ပေါက်လာရသည့် ငွေကြေးဖောင်းပွမှုနှုန်းအပေါ်၌ မျက်စိတစ်လုံးက ကြည့်နေတတ်ကြသည်။ အခြားမျက်စိတစ်လုံးကမူ စီးပွားရေးနှေးကွေးစွာတိုးတက်မှုကြောင့် ပေါ်ပေါက်လာတတ်သည့် အလုပ်လက်မဲ့ဖြစ်မှုများအပေါ်၌ ကြည့်နေတတ်ကြသည်။

စီးပွားရေးအဆောက်အအုံကို ငွေကြေးမူဝါဒမှတစ်ဆင့် ထိန်းချုပ်နိုင်သည့်။ အစိုးရ၏ အခွန်အကောက်များ၊ အသုံးငွေများဖြင့် ထိန်းချုပ်နိုင်သည်။ မိသားစုတစ်စု၏ စီးပွားရေးအခြေအနေသည် မိဘများ၏ဝင်ငွေနှင့် သုံးစွဲသည့်အလေ့အထများအပေါ်၌ မူတည်သကဲ့သို့ပင် နိုင်ငံတစ်ခု၏ စီးပွားရေးအခြေအနေသည်လည်း အခွန်အကောက်သုံးစွဲမှုနှင့် အစိုးရ၏ ချေးငွေကဲ့သို့သော ဘဏ္ဍာရေးမူဝါဒများအပေါ်၌ မူတည်နေသည်။

ကောင်းရန်ဖြစ်စေ၊ ဆိုးရန်ဖြစ်စေ ကျွန်တော်တို့၏ နေ့စဉ်ဘဝများအပေါ် အဓိကသြဇာလွှမ်းမိုးသည့် ငွေဖောင်းပွမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုမျိုးတို့သည် မေကရိုဘောဂဗေဒဆိုင်ရာ ဆုံးဖြတ်ချက်များ၏ ရလာဒ်များဖြစ်သည်။

အခုဖော်ပြပေးခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *