လုပ်ငန်းခွင်ဆိုတာ လူတွေအများကြီး အတူတကွပူးပေါင်းလုပ်ဆောင်ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းခွင်မှာ ဆိုးတူကောင်းဖက် လုပ်ဖော်ကိုင်ဖက်တွေရှိနေတာကြောင့် သူတို့ကိုစိတ်ပျက်စေမယ့် မသင့်တော်တဲ့အပြုအမူတွေ လုပ်ဆောင်တာမျိုး၊ သင့်အလုပ်ရှင်စိတ်ညစ်စေမယ့် အမူအကျင့်တွေရှိနေတာမျိုးက သင့်အလုပ်ရဲ့အနာဂတ်ကို ထိခိုက်စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ အကောင်းမွန်ဆုံးစွမ်းဆောင်ရည်ရရှိစေဖို့ အခုဖော်ပြမယ့် အချက် (9) ချက်ကို လုပ်နေမိတယ်ဆို အခုပဲရပ်တန့်လိုက်ပါ။ မလုပ်မိဘူးဆိုရင် နောင်မှာလည်းမလုပ်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။

၁။ အလုပ်ကိုနောက်ကျမှရောက်ခြင်း
အချိန်လေးစားမှုရှိခြင်းဟာ လူတိုင်းမှာရှိသင့်တဲ့ အခြေခံနားလည်မှုတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိစ္စအထွေအထူးရှိလို့ အလုပ်နောက်ကျတာမျိုးက လက်ခံလို့ရပေမယ့် ဘာကိစ္စမှမရှိပဲ နေ့တိုင်းလိုလို အလုပ်နောက်ကျနေတာမျိုးက လက်ခံနိုင်တဲ့အနေအထားမဟုတ်ပါဘူး။ ကားလမ်းပိတ်လို့ဆိုတဲ့ အကြောင်းပြချက်က တစ်ခါတစ်ရံသုံးလို့ကောင်းပေမယ့် ကားလမ်းပိတ်လို့ နေ့တိုင်းနောက်ကျနေရင်တော့ သင့်အမှားဖြစ်သွားပါတယ်။ နောက်ရက်ကျ ကားလမ်းပိတ်မယ့်အချိန်ကိုမှန်းပြီး အိမ်ကနေ စောထွက်ဖို့ကြိုးစားသင့်ပါတယ်။

၂။ အချိန်ပြည့် Facebook သုံးခြင်း
အလုပ်ချိန်မှာ တစ်ချိန်လုံး Facebook ကိုပဲ အသုံးပြုနေမယ်ဆိုရင် သင့်ရဲ့အချိန်တွေကို ဖြုန်းတီးရာရောက်သလို အာရုံစူးစိုက်ဖို့ခက်ပြီး အလုပ်တွင်ကျယ်မှုလည်း ရှိတော့မှာ မဟုတ်ပါဘူး။ Digital Marketer တစ်ယောက်ဖြစ်လို့ အလုပ်နဲ့ပတ်သက်ပြီး အသုံးပြုနေရတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒီလိုမဟုတ်ပဲ အလုပ်နဲ့မဆိုင်ပဲ အလုပ်ချိန်မှာ ဖုန်းပွတ်တာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာကို အချိန်တော်တေ်ာများများ အသုံးပြုခြင်းဟာ ရှောင်ကြဉ်သင့်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်ချိန်အတွင်းမှာ သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားပြောဆိုနေခြင်း၊ Message တွေခဏခဏ ပို့နေခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အလုပ်နားချိန် ဒါမှမဟုတ် အချိန်ခဏလောက် လုပ်တာမျိုးကတော့ ကိစ္စမရှိပေမယ့် အချိန်တိုင်းမလုပ်နေသင့်ပါဘူး။

၃။ အစည်းအဝေးတိုင်းကို နောက်ကျပြီးရောက်ခြင်း
အလုပ်နောက်ကျသလိုပါပဲ။ အစည်းအဝေးကို အမြဲအချိန်နောက်ကျရောက်ရင်လည်း အချိန်မီရောက်နေနှင့်ကြတဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေရော အစည်းအဝေးစီစဉ်သူကပါ သင့်ကိုနှစ်သက်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အမြဲနောက်ကျမှရောက်တာက “ငါက မင်းတို့ထက်ပိုအရေးကြီးတယ်။ ငါ့ကိုစောင့်ကြ။” ဆိုတဲ့အဓိပ္ပာယ်ကို မသိမသာသက်ရောက်စေတာကြောင့် အမြဲနောက်မကျသင့်ပဲ ရှောင်ကြဉ်သင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ အစည်းအဝေးထဲမှာလည်း Laptop သုံးနေတာ၊ ဖုန်းပွတ်နေတာ၊ Email ရေးနေတာမျိုးတွေကလည်း အစည်းအဝေးကို အလေးမထားရာရောက်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

၄။ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးမထားခြင်း
လုပ်ငန်းခွင်ကို ဝင်သွားတဲ့အခါ သင့်ရဲ့အလုပ်ကို အလေးထားတဲ့အသွင်ပေါက်စေဖို့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အသွင်အပြင်ကလည်း အရေးကြီးပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ ဖြစ်သလိုနေထိုင်ရင် သင့်ပတ်ဝန်းကျင်ကလူတွေက သင့်ကိုစိတ်ပျက်စေပါလိမ့်မယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိသလို ဖြစ်ကတတ်ဆန်းဝတ်ဆင်မှုကြောင့် ရာထူးတိုးရာမှာ၊ အလုပ်အပ်သူနဲ့ တွေ့ရာမှာ ဒါမှမဟုတ် အစည်းအဝေးတွေမှာ ပါဝင်ပတ်သက်ရမယ်ဆိုရင် အဟန့်အတားတွေဖြစ်စေပါတယ်။ “Dress for Success” ဆိုတဲ့စကားအတိုင်း သင့်အလုပ်နဲ့ကိုက်ညီတဲ့ သန့်ရှင်းသပ်ရပ်မှုတော့ ရှိသင့်ပါတယ်။ ဒီနေရာမှာ နည်းလမ်းလေးတစ်ခုပေးချင်ပါတယ်။ အလုပ်သွားတဲ့အခါတိုင်း ဒါမှမဟုတ် အပြင်သွားတဲ့အခါတိုင်းမှာ ကိုယ့်ကိုယ်ကို ဒီမေးခွန်းပြန်မေးကြည့်ပါ။ “ငါဒီပုံစံနဲ့သွားလို့ လမ်းမှာ ငါလေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ တွေ့ရမယ်ဆိုရင် တွေ့လို့အဆင်ပြေရဲ့လား”။ အဖြေက “ဟင့်အင်း” ဆိုရင် ပုံစံပြောင်းလဲဖို့ လိုအပ်နေပါပြီ။

၅။ အချိန်ပြည့် အပျက်သဘောဆောင်ခြင်း
“အဲ့ဒါကတော့ ဖြစ်မှာမဟုတ်ပါဘူး”၊ “အဲ့ဒါကလုပ်ရတာ တော်တော်ခက်မယ့်ပုံပဲ” ဒါမှမဟုတ် “ကျွန်တော်ဘယ်ကစလုပ်ရမှန်း မသိသေးဘူး” စသဖြင့် အရာရာတိုင်းကို အပျက်သဘောဆန်တဲ့ စကားတွေနဲ့ တုန့်ပြန်ခြင်းဟာ သင်က ပူးပေါင်းဆောင်ရွက်တတ်သူမဟုတ်မှန်း သိသာစေပါတယ်။ အချိန်ပြည့်ညည်းနေရင် ကြာလာတာနဲ့အမျှ လုပ်ဖော်ကိုင်ဖက်တွေကပါ သင့်ကိုစိတ်ညစ်လာကြပါလိမ့်မယ်။ Career Builder အဖွဲ့အစည်းရဲ့ စစ်တမ်းအရ အလုပ်ရှင်တွေရဲ့ ၆၂ရာခိုင်နှုန်းဟာ အဆိုးမြင်စိတ်ရှိသူတွေကို ရာထူးမတိုးပေးချင်ကြဘူးဆို့ ဆိုပါတယ်။

၆။ ဆိုရှယ်မီဒီယာတွေမှာ အလုပ်အကြောင်း မကောင်းပြောခြင်း
ဆိုရှယ်မီဒီယာကိုအသုံးပြုပြီး သင့်အကြီးအကဲနဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း လျှောက်ပြောခြင်း၊ ဒါမှမဟုတ် အလုပ်အပ်သူတွေရဲ့ complains တွေကို မကျေနပ်ချက်တွေရေးခြင်း၊ ကုမ္ပဏီအကြောင်းတွေကို အပြုသဘောမဆောင်ပဲ အနုတ်သဘောဆောင်တဲ့အကြောင်းတွေ ရေးသားခြင်းတို့ဟာ လုံးဝမလုပ်ဆောင်သင့်တဲ့ အပြုအမူတွေဖြစ်ပါတယ်။

၇။ အလုပ်တာဝန်အသစ်တစ်ခုရတိုင်း မေးခွန်းတွေထုတ်ခြင်း
အလုပ်တာဝန်အသစ်တစ်ခု ပေးအပ်ခြင်းခံလိုက်ရတယ်ဆိုရင် အဆိုပါအလုပ်ကို သေချာမစိစစ်သေးပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ မလိုအပ်တဲ့မေးခွန်းတွေ မေးတာဟာ သင့်ကိုပေးအပ်တဲ့ အလုပ်တာဝန်အသစ်ကို သင်မလုပ်ချင်ကြောင်း ပြသရာရောက်နေပါတယ်။ ဒါကြောင့် အလုပ်တာဝန်အသစ်နဲ့ပတ်သက်လို့ မေးခွန်းတွေရှိရင်လည်း သေချာစုစည်းပြီးမှာ တစ်ချက်ချင်းသေချာမေးမြန်းသင့်ပါတယ်။ စိတ်ထဲရှိသလို တရစပ်မမေးသင့်ပါဘူး။

၈။ စပ်စုခြင်း
စပ်စုခြင်းနဲ့ စိတ်ဝင်တစား သိလိုခြင်းတို့က မတူညီပါဘူး။ အသစ်ဝင်လာတဲ့ ဝန်ထမ်းကဘယ်သူလဲ၊ နာမည်ဘယ်လိုခေါ်လဲ စသဖြင့် မေးမြန်းတာဟာ သိချင်လို့ပါ။ သင့်အလုပ်ရှင်ဆီရောက်လာတဲ့စာတွေကို လျှောက်ဖတ်တာ၊ ဒါမှမဟုတ် ကိုယ့်လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းရဲ့ လစာဘယ်လောက်ရသလဲဆိုတာကို ကုမ္ပဏီဖိုင်တွေမွှေနှောက်ပြီး ရှာဖွေတာမျိုးကတော့ စပ်စုတာဖြစ်သွားပါပြီ။ ဒါကိုရှောင်ကြဉ်သင့်ပါတယ်။

၉။ အလုပ်လုပ်နေစဉ် တစ်ခြားအလုပ်သစ်ရှာဖွေခြင်း
ဒါကတော့ ရိုက်ပေါက်ပါ။ အလုပ်ချိန်မှာ ရုံးအင်တာနက်နဲ့ အလုပ်သစ်ရှာဖွေနေတာဟာ သင့်ကိုအလုပ်ဖြုတ်ဖို့ သင့်အလုပ်ရှင်ကို တောင်းဆိုလိုက်သလိုပါပဲ။ လုပ်ငန်းကျင့်ဝတ်နဲ့လည်း မညီတာကြောင့် လုံးဝမလုပ်သင့်တဲ့ အပြုအမူဖြစ်ပါတယ်။

ဒီ Post လေးကို ဖတ်ပြီးသွားတဲ့အခါမှာ မိတ်ဆွေတို့ရော ဘယ်လိုမြင်ပါသလဲ။ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ကိုယ်မကြိုက်တဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ အပြုအမူတွေရှိရင်လည်း comment ထဲမှာ မျှဝေခဲ့ပေးပါခင်ဗျာ။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *