သင်ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက စီမံခန့်ခွဲရမယ့် ဝန်ထမ်းတွေ ရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါစေ၊ လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ ရည်မှန်းချက် မြင့်မြင့်ထားပါစေ၊ တစ်ချို့အရာတွေမရှိရင် လူတွေက သင့်နောက်ကို လိုက်ကြမှာမဟုတ်ပါဘူး။ အဲ့ဒီလို လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ဝန်ထမ်းတွေ လေးစားအားကျပြီး သင့်ကို ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် လက်ခံစေဖို့အတွက် လိုအပ်တဲ့အချို့အရာတွေအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။

၁။ ဆွဲဆောင်မှုရှိပြီး တမူထူးခြားတဲ့ ရည်မှန်းချက်ထားရှိပါ။
သင့်ရဲ့ရည်မှန်းချက်ဟာ သင့်ကိုယ်ပိုင်ဖြစ်ရမှာဖြစ်ပြီး လုံးဝဆန်းသစ်ကွဲပြားနေရပါမယ်။ အခြားသူတွေက လုပ်ငန်းကိုကြီးကြီးကျယ်ကျယ် အောင်မြင်ရမယ်လို့ ရည်မှန်းချက်ထားတာကြောင့် သင်လည်း အဲ့လိုရည်မှန်းချက် လိုက်ထားမယ်ဆိုရင် သိပ်အဆင်မပြေပါဘူး။ ရည်မှန်းချက်နဲ့ အောင်မြင်မှုဆိုတဲ့အဓိပ္ပာယ်ကို သင်ဟာ သူများတွေနဲ့ မတူညီအောင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်မယ်ဆိုရင် တစ်ခြားသူတွေက သင့်နောက်ကို အလိုလို လိုက်လာကြမှာဖြစ်ပါတယ်။

၂။ သင့်ရည်မှန်းချက်နောက်ကွယ်က ရည်ရွယ်ချက်ကို ကောင်းစွာအသုံးချပါ။
သင့်ရည်မှန်းချက်က ဘယ်လောက်ပဲကောင်းနေပါစေ၊ သင့်အဖွဲ့သားတွေအတွက် ဒီရည်မှန်းချက်ဟာ သူတို့နဲ့ သက်ဆိုင်တဲ့ ရည်မှန်းချက်တစ်ခုဖြစ်တယ်လို့ မခံစားရရင် လုပ်ဆောင်ချက်တိုင်းက နှေးကွေးနေမှာဖြစ်ပါတယ်။ သူတို့လုပ်ဆောင်နေရတဲ့ လုပ်ငန်းတာဝန်တွေကို ဘာရည်ရွယ်ချက်ရှိမှန်း ရေရေရာရာမသိရပဲ ဘုမသိဘမသိလိုက်လုပ်နေရတာမျိုး မဖြစ်စေဖို့ အရေးကြီးပါတယ်။ သင်ဟာလုပ်ငန်းတစ်ခုကို ဘာကြောင့်လုပ်ကိုင်ရတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်ကိုဦးတည်နေတယ်ဆိုတာ အဖွဲ့သားတွေအကုန်လုံးကို သေချာနားလည်သဘောပေါက်စေမယ်ဆိုရင် သင့်အဖွဲ့သားတွေက ဒီခရီးလမ်းကို ဘယ်လိုအဆင်ပြေအောင် လျှောက်လှမ်းရမယ်ဆိုတဲ့ အကြံဉာဏ်သစ်တွေကိုပါ ဝိုင်းဝန်းရှာဖွေပေးမှာဖြစ်လို့ အဖွဲ့အစည်းအတွက်လည်း အကျိုးများစေမှာ ဖြစ်ပါတယ်။

၃။ အဖွဲ့သားတွေ တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံပါ။
တိုးတက်ရေးလို့ ဆိုလိုရာမှာ သင်တန်းတွေပေးတာ၊ Training တွေပေးတာမျိုးကိုပဲ ဆိုလိုတာမဟုတ်ပဲ ထူးချွန်တဲ့အဖွဲ့သားတွေ စိတ်ဓာတ်မြင့်တက်စေဖို့အတွက် သူတို့လုပ်နေတဲ့ကုမ္ပဏီ/အဖွဲ့အစည်းက သူတို့အပေါ်မှာ ဂရုစိုက်တယ်၊ သူတို့ဘဝ တိုးတက်မှုအပေါ်မှာ အချိန်တွေ၊ ငွေတွေ ရင်းနှီးမြှုပ်နှံနေတယ်လို့ ခံစားချက်ရရှိစေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ အရေးကြီးတဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ ဆုံးဖြတ်နိုင်ခွင့်ရရှိဖို့ လိုလားကြပါတယ်။ ဒီလိုအခွင့်အရေးမျိုးပေးထားမယ်ဆိုရင်လည်း သူတို့ရဲ့အရည်အချင်းတိုးတက်မှုကို အသိအမှတ်ပြုတယ်လို့ ခံယူပြီး ပိုမိုကြိုးစားလိုစိတ်ရှိလာမှာ ဖြစ်ပါတယ်။

၄။ တစ်ခြားသူတွေရဲ့ ပြောစကားတွေကို နားထောင်ပါ။
ခေါင်းဆောင်တွေတော်တော်များများက စကားပြောကောင်းသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့က တစ်ခြားသူတွေရဲ့ စကားတွေကိုတော့ သိပ်နားထောင်လေ့မရှိကြပါဘူး။ ကိုယ့်ဝန်ထမ်းထဲကဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေထဲကဖြစ်ဖြစ် တစ်ခြားသူတစ်ယောက်ရဲ့ အကြံပေးမှုနဲ့ ထင်မြင်ယူဆချက်တွေကို အလေးပေးနားထောင်ခြငး်ဟာ အဲ့ဒီလူနဲ့ ပိုမိုကောင်းမွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေပါတယ်။

၅။ အောင်မြင်မှုကို မျှဝေပါ။
Bonus ပေးတာလိုမျိုး အသုံးပြုလို့ရတဲ့အရာတွေ ပေးတာသာမကပဲ ရိုးရိုးတန်းတန်း ချီးကျူးဂုဏ်ပြုစကားပြောတာမျိုး၊ ကျေးဇူးတင်ကြောင်းပြောတာမျိုးနဲ့ လုပ်ငန်းခွင်အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေကို ဝေမျှနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျှဝေရာမှာ မှန်ကန်တဲ့ စိတ်ရင်းစေတနာတော့ ပါဖို့လိုပါတယ်။ ဒါမှသာ သင့်အဖွဲ့သားတွေဟာ ကုမ္ပဏီရဲ့အောင်မြင်မှုဟာ သူတို့ရဲ့အောင်မြင်မှုလို့ မှတ်ယူခံစားပြီး ပိုမိုကြိုးစားလုပ်ကိုင်လိုစိတ် ဖြစ်လာမှာပါ။

အခုဖော်ပြခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အားတစ်ခုဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့အတွက် အားဖြစ်သွားစေမယ်ဆိုရင် အဲ့ဒီအားလေးကို share လုပ်ခြင်းဖြင့် မျှဝေပေးဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *