နိုင်ငံတစ်ခု၏ ဥစ္စာဓနကို ထိုနိုင်ငံရှိ တိုင်းသူပြည်သားများအား ကြည့်ခြင်းအားဖြင့် တိုင်းတာဆုံးဖြတ်နိုင်သည်။ သို့သော် မည်သည့် ကိန်းဂဏန်းများကို အားကိုးမည်နည်း။ ဘရာဇီးများထက် ဝင်ငွေပိုရသည့် ကူဝိတ်များသည် ချမ်းသာသည်ဟု ပြောကြမလား။ အိမ်ထောင်စုတစ်ခုလျှင် ပိုင်ဆိုင်သည့်တယ်လီဖုန်းအရေအတွက် ဂျပန်ထက်ပိုများသော ပြင်သစ်များကို ပို၍ချမ်းသာကြွယ်ဝသည်ဟု ပြောမည်လား။ အမေရိကန်များထက် စုဆောင်းငွေပိုများသည့် အီတာလျံများကို ပိုချမ်းသာသည်ဟု ပြောမည်လား။

ချမ်းသာကြွယ်ဝမှု တစ်နည်းအားဖြင့် ဥစ္စာဓနကို တိုင်းတာရန်အတွက် နည်းလမ်းပေါင်းများစွာရှိသည်။ နိုင်ငံတစ်ခုစီ တစ်ခုစီတွင်လည်း သီးခြားစာရင်းအင်းများရှိသည်။ ဘောဂဗေဒပညာရှင်အများစုက ဥစ္စာဓနဆိုသည်မှာ စတော့ရှယ်ယာနှင့် မြေယာကဲ့သို့သော အရာများကို လူတစ်ဦးက မည်မျှပိုင်ဆိုင်သနည်းဟူသော အချက်ဖြင့် တိုင်းတာလေ့ရှိကြသည်။ သို့သော် လူအတော်များများက သူတို့၏ဝင်ငွေ၊ သူတို့၏ လစာတို့ဖြင့် သူတို့မည်မျှချမ်းသာကြွယ်ဝသည်ကို တိုင်းတာလေ့ရှိကြသည်။

နိုင်ငံအမျိုးမျိုးတွင် လစာများကို နှိုင်းယှဉ်သောအခါ ပန်းသီးနှင့် သစ်တော်သီးများကို နှိုင်းယှဉ်ရသည်နှင့် တူနေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံစီရှိ လစာများကို ပေးချေရသော ငွေကြေးများတူညီခြင်းမရှိပေ။ ပြင်သစ်တို့၏လစာ ပြင်သစ်ဖရန့်ငါးသိန်းသည် ကနေဒါတို့၏လစာ ကနေဒါဒေါ်လာတစ်သိန်းထက် ပို၍တန်ကြေးရှိပါသလား။ ထိုသို့ တစ်ဦးစီရသည့်ဝင်ငွေများကို ဘုံတိုင်းတာနိုင်သည့် အတိုင်းအတာတစ်ခုဖြင့် ပြောင်းလဲပစ်ရန်လိုအပ်သည်။

လစာများကို ပြောင်းလဲပစ်နိုင်သည့်နည်းတစ်နည်းမှာ ထိုငွေကြေးများ၏ တန်ဖိုးများကို ပထမဦးစွာ နှိုင်းယှဉ်ရန်ဖြစ်သည်။ အများအားဖြင့် နိုင်ငံခြားငွေ ဖလှယ်နှုန်းများကို အသုံးပြုလေ့ရှိသည်။ နိုင်ငံခြားငွေ ဖလှယ်နှုန်းက ငွေကြေးတစ်ခု၏တန်ဖိုးကို အခြားငွေကြေးတစ်ခုဖြင့် တိုင်းတာတွက်ချက်လေ့ရှိသည်။ နိုင်ငံခြားငွေဖလှယ်သည့်နှုန်းထားကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံခြားငွေဈေးကွက်များက သတ်မှတ်သည်။ ဤသို့သတ်မှတ်ချက်သည် သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးစနစ်အပေါ်တွင် ဈေးကွက်ရှုမြင်ပုံကို ရောင်ပြန်ဟပ်သည်။ နိုင်ငံခြားငွေ ဖလှယ်နှုန်းများသည် တိုကျိုမြို့တွင် နေသူတစ်ဦး၏ ယန်းငွေဖြင့်ရသောလစာကို ဒေါ်လာအဖြစ်သို့ ပြောင်းရာတွင် အသုံးပြုနိုင်သည်။ ထိုသို့ရှိသောငွေဖြင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် အမေရိကန်ဒေါ်လာဖြင့် ရရှိသည့်လစာနှင့် နှိုင်းယှဉ်ရန် အသုံးပြုနိုင်သည်။

သို့သော် ထိုလစာများသည် မည်မျှဝယ်နိုင်ကြသနည်း နိုင်ငံတစ်ခုနှင့်တစ်ခု နေထိုင်မှုစရိတ်မတူညီကြပေ။ ထို့ကြောင့်ငွေဖလှယ်နှုန်းများကို အသုံးပြုလာခြင်းကို နှိုင်းယှဉ်ရန်အတွက် ခက်ခဲသည်။ ဥပမာ မက်ဒေါ်နယ်ဟမ်ဘာဂါတစ်လုံးသည်လည်းကောင်း၊ အခန်းနှစ်ခန်းပါသည့် အိမ်တစ်လုံးသည်လည်းကောင်း၊ လော့စ်အိန်ဂျလိစ်မှာထက် တိုကျိုတွင် သုံးဆခန့်မြင့်မားနေလျှင် ဂျပန်တွင် လစာမြင့်မားခြင်းကြောင့် ဂျပန်အလုပ်သမားများသည် အမေရိကန်အလုပ်သမားများထက် ပိုချမ်းသာသည်ဟု မဆိုနိုင်ပေ။

ထို့ကြောင့် နိုင်ငံတစ်ခုစီတွင် ထိုလခများက မည်မျှဝယ်ယူနိုင်သည်ကို ကြည့်ရှုရန်အရေးကြီးသည်။ လခတစ်ခု၏ ဝယ်နိုင်စွမ်းအား (Purchasing Power) က ထိုငွေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ မည်မျှများများဝယ်ယူနိုင်သည်ကို ပြသည်။ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု၏ စရိတ်များကို နှိုင်းယှဉ်ခြင်းအားဖြင့် ဥပမာ အိုးအိမ်၊ ဆံပင်ညှပ်ခ၊ အစားအသောက်၊ ရုပ်ရှင်လက်မှတ် စသည်တို့ပါဝင်သော ထွက်ကုန်များကို ခြင်းတောင်းတစ်ခုတွင် စုစည်းထည့်သွင်း၍ ၎င်းတို့၏ စရိတ်ကိုတိုင်းတာခြင်းအားဖြင့် ပိုမိုအားကိုးနိုင်လောက်သော နိုင်ငံခြားငွေ ဖလှယ်နှုန်းကို ရသည်။ ထိုနှုန်းကို ဝယ်နိုင်စွမ်းအားအရ တိုင်းတာသောဖလှယ်နှုန်း (PPP – Purchasing Power Parity) ဟု ခေါ်သည်။

အမှန်တကယ် နိုင်ငံခြားငွေဖလှယ်နှုန်း PPP ကို နိုင်ငံတစ်ခုနှင့် နိုင်ငံတစ်ခုရှိ လစာများ၏ အမှန်တန်ဖိုး သို့မဟုတ် အမှန်ဝယ်နိုင်စွမ်းအား နှိုင်းယှဉ်ရန် အသုံးပြုနိုင်သည်။ နိုင်ငံတစ်ခုရှိ နိုင်ငံသားက အခြားနိုင်ငံသားတစ်ဦးထက် ပိုမိုပိုင်ဆိုင်ခြင်း၊ ဝင်ငွေပိုရခြင်းကြောင့် သမားရိုးကျ နိုင်ငံခြားငွေဖလှယ်နှုန်းဖြင့်တွက်လျှင် ပိုမိုချမ်းသာသည်ဟု ပြောနိုင်သောလည်း ရေရှည်၌ ထိုဥစ္စာဓနဖြင့် ထိုပုဂ္ဂိုလ်ဘာလုပ်နိုင်သည်က အရေးကြီးသည်။

အခုဖော်ပြပေးခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *