ဆုံးဖြတ်ချက်ဆိုတာ လူတိုင်းနေ့စဉ်ချမှတ်နေရတဲ့ အလုပ်တစ်ခုပါ။ ကျွန်တော်တို့ဟာ ဒီနေ့ဘာစားရင်ကောင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက်လေးကနေ ငါ့ဘဝအတွက် ဘယ်အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကြီးတွေအထိ နေ့စဉ်ချမှတ်နေကြရပါတယ်။ ဘာအလုပ်လုပ်ရမယ်လို့ ဆုံးဖြတ်တာကနေ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့၊ ခရီးထွက်ဖို့ စတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ဟာ အတော်ကိုမလွယ်တဲ့ကိစ္စတစ်ခုပါ။ ဒီလိုဆုံးဖြတ်ချက်ကြီးတွေ မချမှတ်ခင်မှာ မှားယွင်းမှုတွေနည်းပါးစေဖို့ နိုင်ငံတကာက နာမည်ကျော်ပုဂ္ဂိုလ်တွေ အသုံးပြုလျှက်ရှိနေတဲ့ နည်းလမ်းတွေကို Myanmar Online Entrepreneur ပရိတ်သတ်ကြီးတွေအတွက် ဝေမျှပေးချင်ပါတယ်။

၁။ ၁၀/၁၀/၁၀ နည်းလမ်း

လူအများစုဟာ ဆုံးဖြတ်ချက်တွေကို အလျင်စလိုချမှတ်ခဲ့ပြီးမှ နောက်ပိုင်းမှာ ငါရေရှည်ကိုမတွေးမိပဲ ဆုံးဖြတ်လိုက်မိပါလားဆိုပြီး နောင်တရတတ်ကြပါတယ်။ အခုပြောပြမယ့် ၁၀/၁၀/၁၀ နည်းလမ်းဟာ ဆုံးဖြတ်ချက်မချမှတ်ခင်မှာ ရေရှည်အတွက် ထည့်သွင်းစဉ်းစားနိုင်ဖို့ အကူအညီဖြစ်စေမှာပါ။ ဆုံဖြတ်ချက်တစ်ခုမချခင် ကိုယ့်ကိုယ်ကို ဒီမေးခွန်းသုံးခုကို အရင်ဆုံးမေးပါ။ အဖြေရပြီဆိုမှ ဆုံးဖြတ်ချက်ချပါ။

ဒီဆုံးဖြတ်ချက်ချပြီး ၁၀မိနစ်နေတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။
ဒီဆုံးဖြတ်ချက်ချပြီး ၁၀လကြာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။
ဒီဆုံးဖြတ်ချက်ချပြီး ၁၀နှစ်ကြာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။
ဒီလိုမေးခွန်းတွေ အရင်ဆုံးဖြေကြည့်မယ်ဆိုရင် အနည်းဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုဟာ ရေရှည်မှာ ဘယ်လိုသက်ရောက်စေနိုင်သလဲဆိုတာကို ထည့်သွင်းစဉ်းစားမိစေမှာဖြစ်ပါတယ်။ ဥပမာ ကိုယ့်အတွက်မလိုအပ်တဲ့ ဈေးကြီးတဲ့ပစ္စည်းတစ်ခုကို ဝယ်ချင်နေပြီဆိုရင် ဒီပစ္စည်းဝယ်လိုက်လို့ ၁၀လကြာရင် ဘယ်လိုအကျိုးဖြစ်စေနိုင်သလဲဆိုပြီး စဉ်းစားပါ။

၂။ Pareto’s Principle သို့မဟုတ် ၈၀/၂၀ နည်းလမ်း

ဒီ ၈၀/၂၀ ပုံသေနည်းဆိုတာ နေရာတိုင်းမှာ တွေ့နေရတဲ့ ပုံသေနည်းတစ်ခုဖြစ်ပါတယ်။ ဒီဟာကို အီတလီလူမျိုး စီးပွားရေးတွေးခေါ်ပညာရှင် Vilfredo Pareto က ပထမဆုံးရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတွေ့ရှိခဲ့တာက သူတို့နိုင်ငံရဲ့ မြေယာ ၈၀ရာခိုင်နှုန်းကို ကြွယ်ဝချမ်းသာတဲ့ လူနည်းစုဖြစ်တဲ့ ၂၀ရာခိုင်နှုန်းကသာ ပိုင်ဆိုင်ကြောင်း စတင်သတိပြုမိရာက စတာပါ။ နောက်ပိုင်းမှာတော့ ဒီ ၈၀/၂၀ ပုံသေနည်းဟာ အရာရာတိုင်းလိုလိုမှာ အကျိုးသက်ရောက်မှု ရှိနေတာကို တွေ့လာရပါတယ်။ ဥပမာ –

ကျွန်တော်တို့ ကုန်ကျစရိတ်တွေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ၂၀ ရာခိုင်နှုန်းသော အသုံးပြုမှုတွေက ကုန်ကျနေတာဖြစ်ပါတယ်။ (အိမ်ငှားခ၊ သွားလာစရိတ်)
လုပ်ငန်းအကျိုးအမြတ်တွေရဲ့ ၈၀ ရာခိုင်နှုန်းကလည်း ကိုယ့်ရဲ့အမာခံဖောက်သည် ၂၀ ရာခိုင်နှုန်းကသာ ရရှိနေတာဖြစ်ပါတယ်။
ဘဝရဲ့ပျော်ရွှင်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းကလည်း ကိုယ်သိတဲ့ မိတ်ဆွေအပေါင်းအသင်း ၂၀ ရာခိုင်နှုန်းကြောင့်သာ ရရှိတာဖြစ်ပါတယ်။
ဒီပုံသေနည်းကို ဆုံးဖြတ်ချက်ချမှတ်ရာမှာလည်း အသုံးချနိုင်ပါတယ်။ ကိုယ်လုပ်စရာတွေအများကြီးထဲက ဘယ် ၂၀ ရာခိုင်နှုန်းကိုပဲလုပ်ရင် ကိုယ့်အတွက် ၈၀ ရာခိုင်နှုန်းသော အကျိုးကျေးဇူးကိုရမလဲဆိုတာကို တွက်ချက်ရပါမယ်။

၃။ Jeff Bezos ရဲ့နောင်တမရစေတဲ့ ဆုံးဖြတ်ချက်ချနည်း

Amazon အွန်လိုင်းစတိုးဆိုင်ကြီးရဲ့ တည်ထောင်သူ Jeff Bezos ဟာ ယခင်က လစာကောင်းတဲ့ Hedge Fund မှာလုပ်နေတာကို စွန့်လွှတ်ပြီး ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ဖို့ စဉ်းစားတွေဝေနေတဲ့အချိန်မှာ ဒီနည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ သူဘယ်လိုတွေးသလဲဆိုတော့ –

“ခင်ဗျားကိုယ်ခင်ဗျား အသက် ၈၀ ရှိတဲ့အချိန်ကျရင် အခုဖြစ်နေတဲ့ အကြောင်းအရာအတွက် ဘယ်လိုနေမလဲလို့ တွေးကြည့်လိုက်။ ဒီလိုတွေးလိုက်ရင် လက်ရှိမှာ တွေဝေနေတာတွေ၊ မသေချာမရေရာတာတွေ ပျောက်သွားလိမ့်မယ်။ ရေတိုမှာဖြစ်လာမယ့်ကိစ္စတွေက ခင်ဗျားကိုစိတ်ရှုပ်ထွေးစေနိုင်တယ်။ ဒါပေမယ့် ရေရှည်အတွက် စဉ်းစားပြီးလုပ်မယ်ဆိုရင် ကိုယ်နောင်တရမှာ မဟုတ်တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်လိမ့်မယ်။”

၄။ အမေရိကန်သမ္မတဟောင်း အိုင်ဆင်ဟောင်ဝါရဲ့ “Eisenhower Matrix”
ဒီနည်းလမ်းကို ဟိုတစ်နေ့ကလည်း အသေးစိတ်ရှင်းပြခဲ့ဖူးပါသေးတယ်။ ဒီနည်းလမ်းကဘယ်လိုလဲဆိုတော့ ဆုံးဖြတ်ချက်ချရတော့မယ် ဒါမှမဟုတ် ကိစ္စတစ်ခုလုပ်ရတော့မယ်ဆိုရင် အရင်ဆုံးအမျိုးအစားလေးမျိုး ခွဲခြားလိုက်ပါတယ်။ အဲ့ဒီအမျိုးအစားလေးမျိုးက –

အရေးကြီးပြီး အလျင်လိုတဲ့ကိစ္စ (ကိုယ်တိုင်ချက်ချင်းလုပ်ဖို့)
အရေးကြီးတယ် ဒါပေမယ့် အလျင်မလိုတဲ့ကိစ္စ (နောက်မှလုပ်ဖို့ ကြိုတင်အစီအစဉ်ဆွဲထားဖို့)
အလျင်လိုတယ် ဒါပေမယ့် အရေးမကြီးတဲ့ကိစ္စ (တစ်ခြားသူကို လုပ်ခိုင်းဖို့)
အရေးလည်းမကြီး အလျင်လည်းမလိုတဲ့ကိစ္စ (လုံးဝမလုပ်ဖို့)
အဲ့ဒီလေးမျိုးထဲက ကိုယ်အခုကြုံတွေ့နေရတဲ့ အလုပ်က ဘယ်ထဲမှာပါသလဲဆိုတာ ဆန်းစစ်ပါ။ ပြီးရင် အဲ့ဒီအလုပ်ပါဝင်တဲ့ အမျိုးအစားအလိုက် ဆက်လက်လုပ်ဆောင်ရမယ့်အလုပ်ကို လုပ်လိုက်ရုံပါပဲ။ ကိုယ်တိုင်ထလုပ်မလား၊ နောက်မှလုပ်မလားစသည်ဖြင့်ပေါ့။

၅။ Parkinson’s Law

“Work expands so as to fill the time available for its completion” ဆိုတာကို Parkinson’s Law လို့ခေါ်ပါတယ်။ ဒါကတော့ ကျွန်တော်အနှစ်သက်ဆုံး အတွေးအခေါ်အယူအဆပါ။ လူတွေဟာ အလုပ်တစ်ခုကို အချိန်ရသလောက် ဆွဲပြီးလုပ်တတ်ကြတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ လူတစ်ယောက်က တစ်နာရီနဲ့အပြီးလုပ်လို့ရတဲ့ ကိစ္စတစ်ခုကို အချိန်သုံးနာရီယူတယ်ဆိုရင် တကယ်တမ်း အဲ့အလုပ်ကိုလုပ်တဲ့ ကြာချိန်ဟာ သုံးနာရီဖြစ်သွားပါတယ်။ ဒါက ကိုယ့်ကိုယ်ကို ဘယ်လောက်ဖိအားပေးနိုင်သလဲအပေါ်မူတည်ပြီး အလုပ်လုပ်နိုင်စွမ်းတွေ ကွာခြားသွားတာဖြစ်ပါတယ်။ တစ်နာရီနဲ့ပြီးနိုင်တဲ့အလုပ်ကို ကိုယ့်ကိုယ်ကိုစိန်ခေါ်ပြီး နာရီဝက်နဲ့ မပြီးနိုင်ဘူးလားစမ်းကြည့်ပါ။ တကယ်တမ်းမှာ ပြီးဖို့သိပ်မခက်တာကို တွေ့ရပါလိမ့်မယ်။

ဒီတော့ ကိစ္စတစ်ခုကို စလုပ်တော့မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် အချိန်သတ်မှတ်ချက်လေးတွေ ချမှတ်ရမှာဖြစ်ပါတယ်။ ပရောဂျက်တစ်ခုကို အပြီးလုပ်ဖို့ အချိန်တစ်ပတ်ပေးမယ့်အစား ပရောဂျက်ကို အပိုင်းလေးတွေခွဲပြီး တစ်ပတ်အတွင်း ဘယ်နေ့မှာအပြီးလုပ်မယ်ဆိုတဲ့ ပန်းတိုင်လေးတွေချမှတ်ပြီးတော့ လုပ်ဆောင်ကြည့်လိုက်ပါ။

အခုဖော်ပြခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အကျိုးရှိစေမယ်ဆိုရင် Like & Share လုပ်ပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *