စီးပွားရေးလုပ်ငန်းအတွက် Facebook Page စထောင်တယ်ဆိုကတည်းက ကိုယ့်စီးပွားရေးကို အွန်လိုင်းပေါ်မှာ လူသိပိုများလာစေဖို့၊ လူတွေပိုစိတ်ဝင်စားလာစေဖို့နဲ့ အရောင်းတွေ ပိုတက်လာစေဖို့ဆိုတာ လူတိုင်းလိုလိုရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ Facebook Page တစ်ခုဖန်တီးလိုက်တာနဲ့ သင့်စီးပွားရေးလုပ်ငန်းက ချက်ချင်းလူသိများလာမှာမဟုတ်သလို လူတွေကချက်ချင်းကြီး ကြိုက်လာကြမှာလည်း မဟုတ်ပါဘူး။ ဒီလိုဖြစ်လာစေဖို့ဆိုရင် အချိန်ပေးပြီး သေချာလုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဘယ်လိုလုပ်ရမလဲလို့ ခေါင်းခြောက်ခံပြီး စဉ်းစားနေမယ့်အစား ကျွန်တော်က မိတ်ဆွေတို့ရဲ့ Page မှာ ပရိတ်သတ်တွေရဲ့ တုန့်ပြန်မှုတွေ ပိုကောင်းလာစေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (၅) ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကို သေချာဖတ်ကြည့်ပြီး လိုက်လုပ်ဆောင်မယ်ဆိုရင် သင့်ရဲ့ Facebook Page ဟာ အရင်ကထက် ထူးခြားလာမယ်ဆိုတာ ကျိန်းသေပေါက်ပါပဲ။ ဒီနည်းလမ်းလေးတွေကို အခုပဲဖတ်ကြည့်လိုက်ရအောင်။

၁။ သင်တင်နေတဲ့ content (post) အရေအတွက်ကို တိုးမြှင့်ပါ။
တစ်ခါတစ်လေမှာ သင့် Page မှာ ပရိတ်သတ်တွေ တုန့်ပြန်မှုမရှိရခြင်းရဲ့ အကြောင်းအရင်းဟာ ပရိတ်သတ်တွေက သင်တင်တဲ့ Posts တွေကို မမြင်တွေ့ကြတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်ဆိုရှယ်မီဒီယာတွေမှာမဆို သူတို့ရဲ့ algorithm လို့ခေါ်တဲ့ တွက်ချက်နည်းတွေ ရှိပါတယ်။ တစ်နေ့ကိုတစ်ကြိမ် ပုံမှန်တင်နေတယ်ဆိုဦးတော့။ ဆိုရှယ်မီဒီယာတွေရဲ့ တွက်ချက်မှုကြောင့် သင့် Posts တွေကို ပရိတ်သတ်တွေဆီ မရောက်တတ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို အကြိမ်အနည်းငယ်နဲ့ နေ့စဉ်ပုံမှန်တင်သွားပေးခြင်းက ဒီတွက်ချက်မှုကို တိုးတက်စေပြီး သင့် Posts တွေကို လူတွေဆီပိုရောက်စေနိုင်ပါတယ်။ ဒီလိုကိုယ့်ပရိတ်သတ်တွေဆီပိုရောက်မှလည်း ပရိတ်သတ်တွေရဲ့တုန့်ပြန်မှုကို သိရှိနိုင်မှာပါ။

ဘယ်အချိန်တွေတင်ရမလဲဆိုတာလည်း ကျွန်တော်တို့ MOE မှာ အရင်ကပြောပြဖူးပါတယ်။ အကြမ်းဖျင်းပြောရမယ်ဆိုရင် Posts တင်ဖို့အကောင်းဆုံးအချိန်တွေက မနက် ၉ နာရီဝန်းကျင်၊ နေ့လည် ၁နာရီက ၄နာရီကြားနဲ့ ညဘက် ၉ နာရီဝန်းကျင်တွေဖြစ်ပါတယ်။

၂။ မှန်ကန်တဲ့မေးခွန်းတွေ မေးပါ။
အပေါ်မှာပြောပြခဲ့တဲ့ တစ်နေ့ကို အကြိမ်အနည်းငယ်နဲ့ နေ့စဉ်ပုံမှန်တင်သွားပေးခြင်းက သင့် Posts တွေကို လူတွေဆီပိုရောက်စေနိုင်ပြီး တုန့်ပြန်မှုတွေပိုကောင်းလာစေနိုင်တယ် ဆိုတဲ့နေရာမှာ မှန်ကန်တဲ့မေးခွန်းမျိုး မမေးတတ်ရင်လည်း ပရိတ်သတ်တွေရဲ့ တုန့်ပြန်မှုတွေက ထင်သလောက် မရနိုင်ပါဘူး။ မှန်ကန်တဲ့မေးခွန်းဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ဆက်ပြောပါ့မယ်။

သင့်ရဲ့ Page မှာ သင်နှစ်သက်တဲ့ Posts တွေချည်းတင်မယ်ဆို တင်နိုင်ပါတယ်။ သင်ထောင်ထားတဲ့ Page ပဲလေ။ ဒါပေမယ့် အမြဲတမ်းသတိပြုရမယ့်အချက်တစ်ချက်က သင်ရောင်းနေတဲ့ပစ္စည်းကို ဝယ်ယူမယ့်သူဟာ သင်ကိုယ်တိုင်မဟုတ်တာကိုပါ။ ဒါကြောင့် သင့်ရဲ့ ပရိတ်သတ်တွေက ဘယ်လိုမျိုး အကြောင်းအရာတွေကို မြင်ချင်ဖတ်ချင်ကြသလဲ၊ ဘယ်လိုပစ္စည်းမျိုးတွေကို စိတ်ဝင်စားတတ်သလဲ စသည်ဖြင့် သိရှိထားမှသာ သူတို့ကြိုက်နှစ်သက်တဲ့အရာတွေကို တင်ပေးနိုင်မှာပါ။ မှန်ကန်တဲ့မေးခွန်းတွေ မေးတတ်မှသာ သူတို့ဘာတွေကြိုက်နှစ်သက်ကြလဲ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကိုယ့်ပရိတ်သတ်တွေရဲ့ အကြိုက်ကိုသိထားပြီးပြီဆိုရင် သူတို့ဆီက တုန့်ပြန်မှုကောင်းကောင်းရနိုင်မယ့် Posts တွေတင်ဖို့ဆိုတာ လွယ်ကူသွားပါပြီ။

၃။ အပြောင်းအလဲလေးတွေလည်း လုပ်ဖို့မမေ့ပါနဲ့။
သင့်ဆီမှာ မနက်အစောကြီးထရတာလိုမျိုး နေ့တဓူဝလုပ်နေရလို့ စိတ်ပျက်နေရတဲ့ အမူအကျင့်တွေရှိတယ်မဟုတ်လား။ သင့်ပရိတ်သတ်တွေအတွက်လည်း ဒီလိုပါပဲ။ နေ့စဉ်တူညီတဲ့ Posts တွေချည်းတင်နေမယ် (အရောင်း Posts တွေချည်းတင်နေမယ်) ဆိုရင် ကြာလာတဲ့အခါမှာ သင့်ပရိတ်သတ်တွေအတွက် ရိုးအီသွားစေနိုင်ပါတယ်။ လူတိုင်းက နေ့စဉ်တူညီတဲ့ဟင်းချည်းပဲ မစားချင်သလိုပါပဲ။ သင်ဘာပစ္စည်း ဘာဝန်ဆောင်မှုပဲ ရောင်းချသည်ဖြစ်ပါစေ သင့်ရဲ့ပရိတ်သတ်က တစ်ခါတစ်ရံမှာ မတူညီတဲ့အရသာအသစ် မတူညီတဲ့ Posts အသစ်တွေကို ဖတ်ရှုချင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ သူတို့အတွက် အပြောင်းအလဲဖြစ်စေမယ့် Posts မျိုးကို တင်ပေးခြင်းဖြင့် ပရိတ်သတ်တွေစိတ်ကျေနပ်မှု ရရှိစေပြီး သင့် Page ကိုလည်း ပိုမိုနှစ်သက်လာကြမှာ ဖြစ်ပါတယ်။

ဥပမာ နေ့တိုင်းအရောင်း Posts တွေချည်းတင်နေမယ့်အစား သင်ရောင်းနေတဲ့ပစ္စည်းလေးက သူတို့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတဲ့ စာမျိုး ဒါမှမဟုတ် သင်ရောင်းနေတဲ့ပစ္စည်းကို ဘယ်လိုမျိုးအဆင့်ဆင့်ထုတ်လုပ်ထားလဲဆိုတဲ့ ဗဟုသုတရဖွယ် ဗီဒီယိုမျိုးတွေ တင်ပေးနိုင်ပါတယ်။

၄။ သင့် Page ရဲ့ Data တွေကို ပုံမှန်ဆန်းစစ်ပါ။
သင်ပုံမှန်ထက်ပိုပြီး Posts တွေတင်ပြီဆိုရင် ပုံမှန်ထက်ပိုများတဲ့ ပရိတ်သတ်တွေရဲ့အချက်အလက်တွေ ရရှိလာမှာဖြစ်ပါတယ်။ (ဒါတွေကို Page ရဲ့ Insight setting ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်) ဒါတွေကိုကြည့်ခြင်းအားဖြင့် သင့်ပရိတ်သတ်တွေက ဘယ်လို Posts အမျိုးအစားတွေကို ပိုကြိုက်တတ်သလဲ (ဥပမာ စာသားချည်းရေးထားတာလား၊ ပုံလေးတွေပါတာလား၊ ဗီဒီယိုတွေလား စသည်ဖြင့်) ဆိုတာ သိရှိနိုင်ပါတယ်။ ဒီလိုသိပြီဆိုရင် ဘာဖြစ်လို့သူတို့ပိုကြိုက်မယ့်ဟာတွေကို အနာဂတ်မှာ မတင်နိုင်ရမှာလဲ။ မဟုတ်ဘူးလား။ ဒါကြောင့် သင့် Page ရဲ့ Data တွေကို ပုံမှန်ဆန်းစစ်နေတတ်ဖို့ လိုအပ်ပါတယ်။

၅။ ဘာလုပ်ရမလဲ ပြောပြပါ။
နောက်ဆုံးအချက်ကတော့ သင့်ရဲ့အင်မတန်ကောင်းမွန်တဲ့ Posts ကိုဖတ်ပြီးတဲ့အခါ ပရိတ်သတ်တွေကို ဘာလုပ်ရမလဲပြောပြရမှာဖြစ်ပါတယ်။ ဒါကို Call to action (CTA) လို့လည်း အတိုကောက်ခေါ်ပါတယ်။ ဥပမာ ပရိတ်သတ်တွေအတွက် အကျိုးရှိစေမယ့် ထုတ်ကုန်အသစ်တစ်ခုအကြောင်း မိတ်ဆက်တဲ့အကြောင်းအရာတစ်ခု ရေးသားထားတယ်ဆိုပါစို့။ စာရဲ့အဆုံးမှာ ဒီပစ္စည်းကိုသင့် Page မှာ အလွယ်တကူမှာယူလို့ရတယ်ဆိုတာမျိုး ထည့်ရေးရင် အရောင်းတွေ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ပရိတ်သတ်တွေအတွက် အကျိုးရှိစေတဲ့ စာတစ်ပုဒ်ရေးပြီး စာအဆုံးမှာ Share လုပ်ပေးပါဦးနော်တို့ Comment မှာရေးသွားပါဦးနော်တို့လို ဘာလုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောပြထားရင် စာဖတ်သူပရိတ်သတ်တွေက သင်တောင်းဆိုတဲ့အတိုင်းလုပ်ပေးဖို့ ဝန်လေးကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ဘာလုပ်ရမလဲဆိုတာ ပြောပြသင့်ပါတယ်။

သင့်ပရိတ်သတ်တွေရဲ့ တုန့်ပြန်မှုတွေ အရင်ကထက်ပိုကောင်းလာစေဖို့ ဒီလွယ်ကူတဲ့ နည်းလမ်းလေး (၅) ခုကို လိုက်နာပြီး လုပ်ဆောင်ပေးရုံပါပဲ။ ဒီနည်းလမ်းတွေအတိုင်း လိုက်လုပ်ပြီဆိုရင် သင့်ရဲ့ Page ဟာ အရင်ကထက်လူပိုသိလာပြီး အရောင်းတွေလည်း အရင်ကထက် တိုးတက်လာပါလိမ့်မယ်။

အခုပြောပြပေးသွားတဲ့အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိသွားတယ်ဆိုရင် ဒီ Post လေးကို Like & Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *