(1) မိသားစုနဲ့အတူစတင်စဉ်းစားပါ။

စီးပွားရေးအကြံဉာဏ်ကောင်းတွေကို မိသားစုနဲ့ တိုင်ပင်စဉ်းစားဖို့ဆိုတာ ပထမဦးဆုံးအဆင့် မဖြစ်နိုင်ဘူးလို့ထင်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် သင့်ထက်အတွေ့အကြုံများတဲ့ ဖခင်နဲ့ အကိုတွေဟာ သင့်ကို ကောင်းကောင်းပံ့ပိုးပေးနိုင်မှာပါ။ ဥပမာ – Donald Trump ဟာ သူ့ရဲ့ အဖေဆီက အိမ်ခြံမြေလုပ်ငန်းအကြောင်း သင်ယူဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။ Trump မှာ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့အတွက် အခမဲ့သင်ယူရာမှာ အာရုံစူးစိုက်ခဲ့ပါတယ်။ တကယ်လို့များ သူ့အဖေက သူလိုအပ်တဲ့ အခြေခံအသိပညာတွေ လေ့ကျင့်မှုတွေ မလုပ်ပေးခဲ့ဘူးဆိုရင် Trump ဟာ ဒီနေ့ဒီနေရာမှာ ရှိလာမှာမဟုတ်ပါဘူး။

(2) သူငယ်ချင်းတွေဆီက အကူအညီယူပါ။

သင့်မှာ သူငယ်ချင်း 15 ယောက် အယောက် 20 လောက်ရှိရင် သူတို့ဆီမှာရှိတဲ့ အကြံဉာဏ်တော်တော်များများကို နားထောင်ရယူနိုင်မှာပါ။ Steve Jobs မှာ သူ့ရဲ့သူငယ်ချင်း Steve Wozniak သာမရှိခဲ့ဘူးဆိုရင် ဒီနေ့ခေတ်မှာ Apple Computer ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ Steve Jobs ဟာ Computer နဲ့ပတ်သက်ပြီး နကန်းတလုံးမှ မသိတဲ့သူပါ။ Wozniak ကတော့ ပထမဦးဆုံး Apple ကို စတင်တီထွင်ခဲ့တဲ့ Computer ကျွမ်းကျင်ပညာရှင်ပါပဲ။ Jobs ကတော့ ဈေးကွက်အမြင်ကောင်းတွေရှိပြီး Computer နဲ့ပတ်သက်တဲ့ ဈေးကွက်တိုးချဲ့မှုအလားအလာကိုလည်း မြင်ခဲ့ပါတယ်။ အရေးကြီးတဲ့ သင်ခန်းစာကတော့ သင်ဟာ အမြဲတမ်း မျက်စိဖွင့်နားစွင့်နေပြီး အကြံဉာဏ်ကောင်းတွေ ကြားသိမိတာနဲ့ ချက်ချင်းမှတ်ထားနိုင်ဖို့ပါပဲ။ တခါတလေမှာ ကိုယ့်ဘာသာဖန်တီးတာထက် သူတပါးရဲ့အကြံဉာဏ်တွေကို သုံးပြီး ပိုက်ဆံရှာနိုင်ပါတယ်။

(3) သင့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာတွေကို မှတ်သားထားပါ။

1950 အလွန်ကာလတွေတုန်းက Kemmon Wilson ဆိုတဲ့ သူဟာ သူ့ရဲ့ ကလေးငါးယောက်အတွက် အပိုအခန်းခတောင်းတဲ့ မိုတယ်ပိုင်ရှင်ကို စိတ်အရမ်းဆိုးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို တေးမှတ်ထားပြီး နောက်ပိုင်းမှာ သူဟာ ကမ္ဘာ့အကြီးဆုံးဟိုတယ်အုပ်စုတွေထဲကတစ်ခုဖြစ်တဲ့ Tennessee အခြေစိုက် Holiday Inn ကို ထူထောင်နိုင်ခဲ့ပါတယ်။ King C. Gillette ဟာလည်း သူ့အတွက် အရမ်းငြီးငွေ့စရာကောင်းတဲ့ သင်တုန်းဓားသွေးလုပ်ငန်းကို မလုပ်ခဲ့ရင် နောက်ပိုင်းမှာ အရမ်းရောင်းရသွက်တဲ့ တစ်ခါသုံးသင်တုန်းဓား (Gillette) စက်ရုံပိုင်ရှင်ဖြစ်လာမှာ မဟုတ်ပါဘူး။ အကြိမ်များစွာသုံးနိုင်မယ့် ဓားပါပြီး အလွယ်တကူ သယ်ဆောင်နိုင်မယ့် သင်တုန်းကို တီထွင်ဖို့ သူအကြံစဉ်က သူ့ကို စိတ်မှနှံ့ရဲ့လားလို့ထင်သူတွေတောင်ရှိပါတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ယုံကြည်မှုရှိခဲ့တာပါ။

(4) မိမိ စိတ်ဝင်စားရာတွေကို အသုံးချပါ။

ပါးနပ်သူတော်တော်များများဟာ သူတို့ရဲ့ ဝါသနာကို အောင်မြင်တဲ့ စီးပွားရေးအဖြစ် ပြောင်းလဲနိုင်ကြပါတယ်။ ဥပမာပြောရရင် အမေရိကန်နဲ့ ဥရောပမြို့တော်တွေ တော်တော်များများက စားသောက်ဆိုင်လမ်းညွှန်တွေအကြောင်း ဖော်ပြရေးသားတဲ့ Zagat Surveys လုပ်ငန်းစုကြီးရဲ့ပိုင်ရှင် Tim နဲ့ Nina Zagat တို့ပါ။ သူတို့နှစ်ယောက်ဟာ 1970 အလွန်ကာလတွေမှာ သူငယ်ချင်းတွေဆီက ကြားရတဲ့ စားသောက်ဆိုင်မှတ်ချက်တွေအကြောင်း အပျော်သတင်းစာထုတ်ကြပါတယ်။ နှစ်တွေကြာလာလေလေ သတင်းစာမှာ စားသောက်ဆိုင်တွေအကြောင်း ပိုပါလာလေလေပေါ့။ ဒီလိုထုတ်ဝေရတာ အချိန်လည်းကုန် ငွေလည်းကုန်လာတဲ့အခါ သူတို့နှစ်ယောက်ဟာ အခကြေးငွေနဲ့ထုတ်ဝေဖို့ စဉ်းစားလာပါတော့တယ်။ ဒါဟာ အခု တကမ္ဘာလုံးက စာအုပ်ဆိုင်တွေမှာ ရောင်းနေရတဲ့ Zagat Survey ရဲ့ အစပါပဲ။ ကိုယ်မြတ်နိုးတာကို လုပ်နေသ၍ ဒါကို အလုပ်လို့ကို မသတ်မှတ်တာပါ။

(5) ခရီးထွက်ပါ။

ခရီးထွက်တာကလည်း အလားအလာရှိတဲ့ စီးပွားရေးအကြံဉာဏ်တွေရလာနိုင်ဖို့ မျက်စိဖွင့်စေတဲ့ နည်းတစ်မျိုးပါ။ Leopoldo Fernandez Pujal ဟာ သူ့ရဲ့ မွေးရပ်မြေ စပိန်ကနေ အမရေိကန်ကို ခရီးထွက်လာရာမှာ Domino ရဲ့ ပီဇာကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာတွေ အမြန်ရအစားအသောက်လုပ်ငန်းကို သဘောကျသွားပြီး သူ့ရဲ့ကိုယ်ပိုင် အစားအသောက်အဖြစ် TelePizza ကို စတင်တီထွင်ရောင်းချခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့လုပ်ငန်းဟာ နိုင်ငံ (8) နိုင်ငံမှာ အလုပ်သမားပေါင်းများစွာနဲ့ လည်ပတ်နေပါပြီ။

(6) မျက်စိဖွင့်နားစွင့်ပါ။

သင့်ရဲ့ စိတ်ဝင်စားမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာတစ်ခုခုတွေ့ရင် ဒီလိုအခြေအနေအတွက် ဘယ်ဆက်လုပ်သင့်သလဲဆိုတာ သင့်ကိုယ်သင် ပြန်မေးပါ။ ပြီးရင်တော့ အဲဒီအကြံဉာဏ်အပေါ်မှာ သင့်ရဲ့ အာရုံကို ဘောင်ကျဉ်းနိုင်သမျှကျဉ်းနိုင်အောင် စူးစိုက်ပါ။ အဲဒီအခါ သင်ရလာတဲ့အကြံဉာဏ်ကို သင်ကိုယ်တိုင် ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

(7) ပိုကောင်းတဲ့အရာကို ဖန်တီးပါ။

Product တစ်ခုခုဟာ သင့်ရဲ့ စံချိန်စံညွှန်းနဲ့ မမှီရင် ပိုကောင်းတဲ့အရာကို ဖန်တီးပါ။ Ice cream ရောင်းတဲ့ Ben Cohen နဲ့ Jerry Greenfield တို့ဟာ သူတို့ရဲ့ “Ben & Jerry” ice-cream တွေမှာ တစ်နိုင်ငံလုံးမှာ အရောင်းရဆုံးဖြစ်တဲ့ super-premium line ကို ထည့်ဖို့ စတင်တီထွင်ခဲ့ပါတယ်။ တကယ်လို့များ ice-cream ရောင်းသူတွေဟာ သူတို့ကိုယ်တိုင် အစားဇီဇာကြောင်သူမဟုတ်ရင် ဒီလို နာမည်ကြီးအရာတွေကို တီထွင်နိုင်မှာ မဟုတ်ပါဘူး။

(8) ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားပါ။

Punk, hip-hop, grunge နဲ့ ငွေသန်းပေါင်းများစွာလည်ပတ်နေတဲ့ လုပ်ငန်းတွေမှာ ပါဝင်တဲ့ တခြားသော စိတ်ဝင်စားဖွယ်ရာများဟာ သာမန်လမ်းမတွေပေါ်က စတင်ဖြစ်ပေါ်ခဲ့တာပါ။ ဒါကြောင့် စိတ်ကူးစိတ်သန်းပေါင်းစုံဟာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပေါက်ဖွားလာနိုင်ပါတယ်။

(9) အိပ်မက်မက်ပါ။

လူအများစုဟာ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို မေ့လျော့ထားတတ်ကြပါတယ်။ မိမိရဲ့ အတွင်းစိတ်ကို ဘယ်လောက်ရူးမိုက်တယ်ထင်နေပါစေ သေချာပြန်နားထောင်ပါ။ တကယ် အဖိုးတန်တဲ့ အတွေးစိတ်ကူးတွေ ရမလာဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။

(10) Online မှာ အမြဲမပြတ် လေ့လာပါ။

Internet က search engine တိုင်းမှာ နေ့စဉ်နေ့တိုင်း ဘာတွေနာမည်ကြီးနေသလဲ အသစ်အဆန်းက ဘာတွေရှိမလဲဆိုတာ သိနိုင်ပါပြီ။ ဒီနေရာကနေ website တော်တော်များများကို နေ့စဉ်လေ့လာပါ။ သင်တစ်ခါမှ မတွေးဖူးတဲ့အကြံဉာဏ်တွေလည်း ရလာနိုင်ပါလိမ့်မယ်။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *