အောင်မြင်မှုဆိုတဲ့အရာက စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီး မလုပ်ဆောင်ပဲ အလွယ်တကူရောက်ရှိလာမယ့်အရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သင်အနေနဲ့ အမူအကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ သင့်ရရှိလာမယ့် အကျိုးရလဒ်တွေနဲ့ အောင်မြင်မှုတွေကို တားဆီးပိတ်ပင်နိုင်မယ့်သူ ဒီကမ္ဘာမှာရှိမှာမဟုတ်ပါဘူး။ ဒ့ါကြောင့် သင့်ရဲ့ဘဝမှာ စောစောစီးစီးအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့အတွက် နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ သတိပြုဆင်ခြင်ရမယ့် အမူအကျင့်(၂၀)ကို ဖော်ပြလိုက်ပါတယ်။
၁။ အချိန်စီမံခန့်ခွဲမှုကောင်းပါစေ။
အချိန်စီမံခန့်ခွဲမှုကို အရင်ဆုံးလေ့လာရမယ့် အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်လေ့လာပါ။့သင့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ပြီး၊ မှန်ကန်တဲ့အချိန်နဲ့ နေရာမှာ အင်အားကိုစိုက်ထုတ်တတ်ခြင်း အားဖြင့် အလုပ်မှန်သမျှကို နောက်ဆုံးချိန်မတိုင်ခင် အပြီးသတ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
၂။ အရေးပါတဲ့လူတစ်ယောက်ဖြစ်နေပါစေ။
သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ တစ်ခုခုလိုအပ်ချိန်မှာ သင်ကအမြဲတမ်းအသင့်ရှိနေတတ်ပြီး အားလုံးက သင်မရှိရင် မဖြစ်ဘူးဆိုတာမျိုး တွေးမိနေပါစေ။ အထူးသဖြင့် သင့်ရဲ့အလုပ်ရှင်က တွေးမိနေဖို့လိုပါတယ်။
၃။ အရမ်းမကြွားပါနဲ့။
သင့်ရဲ့အောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုတွေကို အားလုံးသိအောင် ထုတ်ဖော်ကြေညာနေဖို့တော့ အရမ်းစိတ်အား ထက်သန်နေလို့ မဖြစ်ပါဘူး။ အခြားလူတွေမလုပ်နိုင်အောင် ခက်ခဲတဲ့အရေးကိစ္စတစ်ခုခုကို စွမ်းဆောင်နိုင်မှသာ အောင်ပွဲခံသင့်ပါတယ်။ လုပ်စရာရှိတာကို အရင်လုပ်လိုက်ပါ။ ပြီးမှ အားလုံးသိအောင် ပြောပြပါ။ တကယ်တော့ သင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်ပြီး တိတ်တိတ်နေလေလေ၊ ရလဒ်ထွက်ပေါ် လာချိန်မှာ အခြားလူတွေအတွက် ပိုပြီး အံ့အားသင့်ရလေဖြစ်ပါတယ်။
၄။ အပြောလျှော့ပြီး ပိုနားထောင်ပါ။
အစည်းအဝေးတိုင်း၊ တွေ့ဆုံမှုမှာ စိတ်ဝင်တစားရှိပါ။ အခြားသူတွေရဲ့စိတ်ကူးက သင့်အတွက် အသုံးမဝင်လောက်ဘူးဆိုရင်တောင်မှ သေချာနားထောင်ပါ။ သူတို့ရဲ့စိတ်ကူးတွေက သင့်အတွက် အကြံသစ်တွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် စကားနည်းနည်းပဲပြောတဲ့အတွက်ကြောင့် အမှားတွေပြောမိနိုင်ချေနည်းသွားမှာဖြစ်ပါတယ်။ ဒီအတွက် သင့်ရဲ့စကားကိုကြားရဖို့အတွက်ကိုလည်း လူတွေက စိတ်ဝင်တစားစောင့်နေကြမှာဖြစ်ပါတယ်။
၅။ ရည်မှန်းချက်ကြီးကြီးထားပြီး ကိစ္စသေးသေးတွေကို လုပ်ဆောင်ပါ။
ဟုတ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်အိပ်မက်ကို ဖြစ်နိုင်သမျှ အဆုံးစွန်အထိ တွေးထားဖို့လိုပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကိုရောက်ရှိဖို့အတွက် လိုအပ်တဲ့ ရေတိုပန်းတိုင်းတွေကို အစီအစဉ်ချပြီး တစ်ဆင့်ချင်းစီ လျှောက်လှမ်းသွားရမှာ ဖြစ်ပါတယ်။ ဒါမှ သင့်ရဲ့ရည်မှန်းချက်ကနေ လမ်းကြောင်းလွဲမသွားစေပဲ အမြဲတမ်းဦးတည်ကာ လျှောက်လှမ်းနေနိုင်မှာ ဖြစ်ပါတယ်။
၆။ ပါးနပ်မှုရှိပါ။
တစ်ခါတစ်ရံမှာ တကယ်ဆိုးဝါးတဲ့လူတွေနဲ့ အလုပ်အတူလုပ်ရလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ဆက်ဆံနိုင်ဖို့လိုပါတယ်။ သူတို့နဲ့ ပဋိပက္ခတွေကို ရန်ဖြစ်ရတာမျိုးမဟုတ်ပဲ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ သဘောထားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေရှိနေပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်တာဟာ ရေရှည်မှာ သင့်အတွက် အကျိုးရှိစေမှာပါ။
၇။ အရမ်းအလျှော့မပေးမိပါစေနဲ့။
တခါတစ်ရံမှာ သင့်အတွက် အရမ်းစိတ်ပျက်စရာဖြစ်လာပြီဆိုရင်တော့ ရင်ဆိုင်ဖြေရှင်းတတ်ဖို့လိုပါတယ်။ သင့်အတွက်သင် ရပ်တည်နိုင်တဲ့နေ့ကနေစပြီး လူတွေက သင့်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် မြင်လာကြမှာဖြစ်ပါတယ်။
၈။ စနစ်တကျအလုပ်လုပ်ပါ။
အလုပ်ကို ကြိုးကြိုးစားစားလုပ်တိုင်း အောင်မြင်မယ်ဆိုရင် လူတိုင်းအလုပ်ချည်းပဲလုပ်နေကြမှာဖြစ်ပါတယ်။ တကယ်တော့ အလုပ်ကို ပင်ပန်းတကြီး ကြိုးစားလုပ်ဆောင်နေတာထက် စနစ်တကျမှန်မှန်ကန်ကန် လုပ်တတ်ဖို့ လိုပါတယ်။ ပြဿနာတိုင်းအတွက် အလွယ်ကူအထိရောက်ဆုံးနည်းလမ်းကို ရှာဖွေဖြေရှင်းပါ။ ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတာကို အံ့သြစရာကောင်းလောက်အောင် သိရှိလာပါလိမ့်မယ်။
၉။ စကားလုံးအသုံးအနှုန်း ဂရုစိုက်ပါ။
ဘာပြောမယ်၊ ဘယ်အချိန်မှာပြောမယ်ဆိုတာကို သိဖို့လိုပါတယ်။ စကားလုံးအသုံးအနှုန်းမှန်တာက အခြေအနေအရပ်ရပ်ကို သင့်အတွက် အသာရရှိစေပြီး သင့်ရဲ့သိက္ခာကိုလည်း မြင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကျွမ်းကျင်သူတွေဟာ ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် အရေးပါတဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ ဒီလိုလူမျိုးကိုပဲ ကုမ္ပဏီရဲ့မျက်နှာစာအဖြစ် ထုတ်သုံးတတ်ပါတယ်။
၁၀။ တစ်ရွာတစ်ကျီဆောက်ပါ။
သင့်ဘဝမှာ ဘယ်သူကလိုတယ်၊ ဘယ်သူကတော့ မလိုအပ်ဘူးဆိုတာကို ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အားလုံးက မှတ်မိခင်မင်နေသူတစ်ယောက်ဖြစ်ပြီး အလုပ်တွဲလုပ်ချင်စိတ်ရှိသူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ လူတွေနဲ့ ခင်မင်ရင်းနှီးမှုတည်ဆောက်တာက အခုလတ်တလောအချိန်မှာ အသုံးတည့်မှာ မဟုတ်ပေမယ့် ရေရည်မှာ သင့်ရဲ့အောင်မြင်မှုအတွက် အထောက်အကူဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။
၁၁။ စိတ်ဝင်စားတက်ကြွမှုရှိပါ။
လူ့သမိုင်းကြောင်းတစ်လျှောက် အောင်မြင်ခဲ့သူတွေအများစုအတွက် အခြေခံတူညီမှုတစ်ခုက စိတ်ဝင်စား တက်ကြွမှုရှိခြင်းပဲဖြစ်ပါတယ်။ သင်က စိတ်ဝင်စားမှုအပြည့်ရှိတဲ့ အရာကို လုပ်ဆောင်နေမယ်ဆိုရင် အောင်မြင်မှုက သိပ်ဝေးမှာမဟုတ်ပါဘူး။
၁၂။ အောင်မြင်သူတွေဆီက ပညာယူပါ။
တကယ်ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်နေသူတွေကို လေ့လာပါ။ သူတို့ရဲ့ကောင်းကွက်တွေ၊ ဆိုးကွက်တွေကို ရှာဖွေပါ။ သူတို့အတွက် အလုပ်ဖြစ်တဲ့နည်းလမ်းတိုင်းက သင့်အတွက် အလုပ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်သူတွေကို လေ့လာခြင်းအားဖြင့် အောင်မြင်မှုကို ရယူဖို့ လိုအပ်ချက်တွေကို သင်နားလည် လာပါလိမ့်မယ်။
၁၃။ သင့်ရဲ့တိုးတက်မှုကို ဆင်ခြင်ပါ။
သင့်ရဲ့နေ့စဉ်ဘဝမှာ ဘာတွေတိုးတက်မှုရှိပါသလဲ၊ ဘာတွေဆုတ်ယုတ်နေပါသလဲ အမြဲတမ်း ဆင်ခြင်နေဖို့ လိုအပ်ပါတယ်။ အခုလုပ်နေတဲ့အရေးကိစ္စတွေက သင့်ရောက်ချင်တဲ့နေရာရောက်ဖို့အတွက် အထောက်အကူ ဖြစ်ပါသလား။ သင်လုပ်သမျှအရာအားလုံးအတွက် သတိရှိပါ။ ဒါမှသာ သင့်ရဲ့ရည်မှန်းချက်ဆီကို မျက်ခြေမပြတ် သွားနိုင်မှာဖြစ်ပါတယ်။
၁၄။ ယုံကြည်မှုရှိပါ။
ယုံကြည်မှုဟာ အရာအားလုံးကို စွမ်းဆောင်နိုင်စေပါတယ်။ သင်လုပ်နိုင်တယ်လို့ ယုံကြည်တဲ့အရာအားလုံးကို သင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် ယုံကြည်ပါ။ တစ်လောကလုံးကလည်း သင့်ကို ယုံကြည်လာပါလိမ့်မယ်။
၁၅။ ထိပ်ဆုံးမှာအမြဲရှိနေပါစေ။
ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်ပြီး အကောင်းဆုံးရလဒ်တွေကိုပဲ ရယူပါ။ သင်ပိုပြီး အောင်မြင်လာတာနဲ့အမျှ သင်နဲ့ သင့်ရဲ့ပြိုင်ဘက်တွေအကြား ကွာဟာချက်ကိုထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။
၁၆။ ဆန်းသစ်တီထွင်မှုရှိပါစေ။
ထူးခြားဆန်းသစ်မှုတွေကို ယူမလာနိုင်ပဲ မလုပ်မရှုပ်မပြုတ်နေရင်တော့ သင်တည်ရှိနေတဲ့အကြောင်းကို အထူးတလည် ဂရုစိုက်ဖို့အကြောင်းရှိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ထူးချွန်မှုတွေကိုရှာဖွေပြီး အခြားလူတွေ မလုပ်နိုင်တာ၊ မလုပ်ဖူးသေးတာတွေကို လုပ်ပြပါ။
၁၇။ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါစေ။
အခြေအနေနဲ့အချိန်အခါတွေက သင်စိတ်ကူးထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်း သတင်းအချက်အလက်တွေရယူပြီး ဈေးကွက်ပြောင်းလဲမှုတွေကို လေ့လာနေဖို့ လိုအပ်ပါတယ်။ ဘာတွေလိုအပ်နေလဲ၊ ပြိုင်ဖက်တွေက ဘာတွေလုပ်နေသလဲဆိုတာတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အလိုက်သင့်ပြောင်းလဲသင့်ပါတယ်။
၁၈။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
အောင်မြင်မှုဆီကို ချီတက်ရာမှာ ဘယ်လောက်မြန်မြန်သွားလဲဆိုတာထက် ဘယ်လောက်အထိ လျှောက်လှမ်းနိုင်သလဲဆိုတာက အရေးကြီးပါတယ်။ သင်တစ်ကြိမ်လောက် လက်လျှော့လိုက်တာနဲ့ သင့်ရဲ့ပြိုင်ဖက်တွေက ရှေ့ကို ကျော်တက်သွားမယ်ဆိုတာ အမြဲမှတ်ထားပါ။
၁၉။ အခွင့်အလမ်းကို ရှာဖွေပါ။
ထူးခြားတဲ့အခွင့်အလမ်းတွေဆိုတာ သင့်ဆီကိုအလိုလိုရောက်လာမှာမဟုတ်ပါဘူး။ အမြဲတမ်းသတိထားစောင့်ကြည့်ပြီး တွေ့တာနဲ့ ရယူထားနိုင်ဖို့လိုပါတယ်။ အခွင့်အလမ်းမှန်သမျှကို ဦးဆုံးရယူနိုင်သူဖြစ်ပါစေ။ အမြဲတမ်း စိတ်အားတက်ကြွနေပြီး သင့်ရဲ့အလုပ်ရှင်က ကိစ္စတစ်ခုခုတာဝန်ပေးဖို့ရှိတိုင်းမှာ သင့်ကိုအရင်ဆုံးတွေးမိ နေပါစေ။
၂၀။ အလုပ်မှာကျွမ်းကျင်မှုရှိပါစေ။
သင်အမှန်တကယ်အောင်မြင်ချင်တဲ့ဆိုရင် သင်လုပ်တဲ့အလုပ်မှာ ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ အခြားလူတွေထက် စောစီးစွာအောင်မြင်ချင်ရင် သူတို့ထက်ပိုပြီး ကျွမ်းကျင်နေဖို့လိုပါတယ်။ လူတိုင်းရဲ့ အလုပ်ကို လေ့လာပါ။ အစကနေအဆုံးအထိ ဘာတွေလုပ်သွားလဲဆိုတာ မှတ်သားပါ။ ဘယ်ကိစ္စမဆို တခြားသူတွေအပေါ်မှီခိုနေစရာမလိုပဲ ကိုယ်တိုင်လုပ်ဆောင်နိုင်အောင် ကြိုးစားပါ။ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ဆိုတာလိုမျိုး တစ်ယောက်တည်းဆိုပေမယ့် အင်အားအပြည့်ဖြစ်နေပါစေ။
အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
0 Comments