လက်ရှိကမ္ဘာပေါ်မှာ အောင်မြင်တဲ့ စီးပွားရေးသမားတွေ၊ နည်းပညာရှင်တွေနဲ့ ကဏ္ဍအသီးသီးက စွန့်ဦးတီထွင်သူတွေဟာ သာမန်လူတွေနဲ့ မတူညီတဲ့ အရည်အချင်းများစွာရှိနေပါတယ်။ တစ်ချို့အရာတွေဟာ လုပ်ယူလို့မရတဲ့ မွေးရာပါအထုံပါရမီတွေ ဖြစ်ပေမယ့် ပြုပြင်ယူလို့ရတဲ့ အလေ့အကျင့်များစွာကတော့ သာမန်လူတွေနဲ့ အတူတူပါပဲ။ မွေးရာပါအထုံပါရမီဟာ မိမိလက်ရှိလုပ်နေတဲ့လုပ်ငန်း ဒါမှမဟုတ် ပညာရပ်တစ်ခုခုနဲ့ ကွဲလွဲနေတယ်ဆိုရင်တောင် အခုပြောပြမယ့် အချက် ၁၀ ချက်ကို ရှောင်ရှားလိုက်မယ်ဆိုရင် မိမိဟာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်လာဖို့ နီးစပ်လာစေမှာဖြစ်ပါတယ်။

၁။ပြောင်းလဲမှုကို ကြောက်ရွံ့ခြင်း
စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ပြောင်းလဲမှုတွေကို ကြိုဆိုကြပါတယ်။ သူတို့တကယ်ကြောက်တာက ပြောင်းလဲမှုမရှိလာပဲ တစ်နေရာတည်းမှာပဲ တန့်သွားမှာကိုဖြစ်ပါတယ်။ တကယ်ထူးချွန်တဲ့ စွန့်ဦးတီထွင်သူတွေဟာ နည်းပညာတိုးတက်လာတဲ့အခုချိန်၊ ခေတ်စနစ်တွေတိုးတက်ပြောင်းလဲလာတဲ့ အခုချိန်မှာ ပြောင်းလဲဖို့ကို ကြောက်ရွံ့နေခြင်းမရှိပဲ စိတ်ဓာတ်စွမ်းအင်အပြည့်နဲ့ ပြောင်းလဲမှုခေတ်ရေစီးကြောင်းထဲကို လိုက်ပါသွားတတ်ကြပါတယ်။

၂။မိမိရဲ့အစွမ်းကို အခြားသူများထံသို့ ပေးအပ်ခြင်း
စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ဘယ်လိုအခြေအနေကိုပဲရောက်ရောက် မိမိရဲ့အစွမ်းကို အခြားသူများထံသို့ လွှဲပြောင်းလိုက်ခြင်းမျိုး မပြုလုပ်ပါဘူး။ သူတို့ဟာ သူတို့ကိုယ်တိုင်ရဲ့ လုပ်ဆောင်ချက်နဲ့ ခံစားချက်တွေကို ထိန်းချုပ်ကြီးစိုးနိုင်သလို သူတို့နဲ့ ဆက်စပ်နေတဲ့အရာတွေကိုလည်း ကြီးစိုးနိုင်ပါတယ်။

၃။မိမိမထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ်မှာ စွမ်းအင်အကုန်ခံခြင်း
ကားလမ်းပိတ်တာ၊ ဘတ်စ်ကားပျက်တာ၊ ရာသီဥတုပူတာ စတဲ့အရာတွေဟာ မိမိထိန်းချုပ်လို့ရတဲ့ အရာတွေမဟုတ်ပါဘူး။ မိမိရဲ့ပတ်ဝန်းကျင်မှာ မိမိထိန်းချုပ်လု့ိမရတဲ့ အရာပေါင်းများစွာရှိပါတယ်။ အဲ့ဒါတွေကို စိတ်တိုင်းမကျဖြစ်နေပြီး ငြီးငြူနေခြင်းဟာ သင့်ရဲ့စွမ်းအင်နဲ့ အတွေးအခေါ်တွေကို ဖြုန်းတီးနေခြင်းသက်သက်ပါပဲ။ အဲ့ဒီအချိန်မှာ မိမိထိန်းချုပ်လို့ရတဲ့ အရာတွေကိုပဲ အာရုံစိုက်ပြီး အဲ့ဒါတွေကို ဘယ်လိုကောင်းကောင်းအသုံးပြုလုပ်ဆောင်သွားရမယ်လို့ တွေးခြင်း၊ လုပ်ဆောင်ခြင်းကို စိတ်ဓာတ်ကြံ့ခိုင်သူတွေကသာ ပြုလုပ်နိုင်စွမ်းရှိကြပါတယ်။

၄။အားနာတတ်ခြင်းနဲ့ မောက်မာခြင်း
ဒီနှစ်ခုဟာဆန့်ကျင်ဘက်ဖြစ်ပြီး ကျွန်တော်တို့အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ အရာတွေပါ။ သေချာတာတစ်ခုက ဒီနှစ်ခုလုံး မိမိကိုအကျိုးမပြုပါဘူး။ ငါတစ်ခုခုပြောလိုက်လို့ သူများစိတ်ဆိုးသွားမလားဆိုပြီး တွေးတောနေတတ်တာဟာ ရှိသင့်တာထက် ပိုရှုပ်ပြီး အချိန်ပိုကုန်စေတဲ့ အတွေးတစ်ခုပါပဲ။ အားနာတတ်တာကြောင်း ဆုံးဖြတ်ချက်တွေ မှားယွင်းစေတတ်ပါတယ်။ အားနာတာနဲ့ဆန့်ကျင်ဘက်ကတော့ မောက်မာခြင်းဖြစ်ပါတယ်။ ငါကဒီလိုလူကြီးဖြစ်တာကြောင့် တစ်ခြားလူတွေ ငါ့ကိုဒီလိုဆက်ဆံရမယ်ဆိုပြီး အမြဲထင်နေရင်လည်း မှားပါတယ်။ တကယ်စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဟာ ရိုကျိုးသင့်တဲ့အခါမှာ မရှက်မဝံ့ရိုကျိုးတတ်ပြီး အားနာစရာမလိုတဲ့အခါမှာလည်း အားမနာတမ်း ဆုံးဖြတ်ချက်ချတတ်ကြပါတယ်။

၅။ကြိုတင်တွက်ဆထားပြီးဖြစ်တဲ့ စွန့်စားမှုတစ်ခုကို မယူရဲခြင်း
Calculate Risk ဆိုတာ စွန့်ဦးတီထွင်သူတိုင်းရဲ့ မိတ်ဆွေပါ။ ကြိုတင်တွက်ဆထားပြီးတဲ့ စွန့်စားမှုတစ်ခုကိုလုပ်ဆောင်တာဟာ မျက်စိစုံမှိတ်ပြီး အမှားလုပ်တာမဟုတ်ပါဘူး။ ရွေးစရာလမ်းတွေထဲက ဘယ်လမ်းကထိခိုက်မှုအနည်းဆုံးဖြစ်တယ်ဆိုတာကို ချိန်ဆတွက်ချက်ပြီး ယင်းရလာဒ်အပေါ် Risk ယူရဲတာဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ စွန့်ဦးတီထွင်သူတွေသာ လုပ်ဆောင်တတ်တဲ့ အပြုအမူတစ်ခုပါ။ သူတို့ဟာ အကောင်းဆုံးကိုမျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင်ထားတတ်ကြပါတယ်။ ဒါကြောင့်ဖြစ်လာတဲ့ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါတယ်။

၆။အတိတ်မှာ ကျန်နေရစ်ခြင်း
တစ်ချို့ဟာ အရင်တုန်းက ကျရှုံးခဲ့ကြဖူးတယ်။ တစ်ချို့ဟာလည်း အရင်တုန်းက အောင်မြင်ခဲ့ကြဖူးတယ်။ ငါအဲ့ဒီတုန်းက ဒီလိုရှုံးနိမ့်ခဲ့တာပဲ ဒါမှမဟုတ် ငါအဲ့တုန်းက ဒီလိုအောင်မြင်ခဲ့တာလေ စသည်ဖြင့် စိတ်ဓာတ်ကျလို့မပြီး၊ အောင်ပွဲခံလို့မပြီးတဲ့သူတွေဟာ အတိတ်မှာ ကျန်နေခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲ့ဒီလိုအကျင့်ရှိသူတွေဟာ တကယ်တမ်းစိတ်ဓာတ်ပျော့ညံ့တဲ့သူတွေလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်နဲ့ အနာဂတ်မှာ ကောင်းအောင်လုပ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်ရှိနေသူတွေလည်း ဖြစ်နိုင်ပါတယ်။ တကယ်စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေကတော့ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်ပြီး အနာဂတ်အတွက် စီမံပြင်ဆင်နေကြသူတွေသာ ဖြစ်ပါတယ်။

၇။တူညီတဲ့အမှားကို ထပ်ကာထပ်ကာ ပြုလုပ်ခြင်း
သင့်ရဲ့လုပ်ဆောင်ချက်ကိုမပြောင်းလဲပဲ ကွဲပြားခြားနားတဲ့ ရလာဒ်တစ်ခုကို မျှော်လင့်နေတာကတော့ မိုက်ရူးရဲဆန်တာပါပဲ။ လုပ်ဆောင်ချက်မပြောင်းလဲရင် တူညီတဲ့ရလာဒ်တွေပဲ ရမှာဆိုတာ မလွဲမသွေပါ။ တကယ်လို့ဆက်တိုက်မှားနေတာကို အဲ့ဒီအမှားကနေ သင်ခန်းစာမယူပဲ ထပ်ကာထပ်ကာလုပ်ဆောင်နေခြင်းဟာ အသုံးမကျသူတွေရဲ့ အလေ့အကျင့်တစ်ခုပါ။ အဲ့ဒီလို အမှားတွေကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင်မစွမ်းဆောင်နိုင်တဲ့သူတွေဟာ ဘယ်လုပ်ငန်းမှာမှ ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းမထိုက်တန်ပါဘူး။

၈။သူတစ်ပါးအောင်မြင်မှုကို မနာလိုခြင်း
သူတစ်ပါးအောင်မြင်မှုကို မနာလိုဖြစ်ခြင်းဟာလည်း စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ တကယ်စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ တစ်စုံတစ်ယောက်အောင်မြင်နေပြီဆိုရင် အဲ့ဒီသူတစ်ပါးကို ချီးမွမ်းဂုဏ်ပြုပြီး သူ့ဆီကနေ ဘယ်လိုသင်ယူနိုင်မလဲဆိုတာကိုပဲ တွေးတောသုံးသပ်တတ်ကြပါတယ်။ ပြီးရင်လည်း ဖြတ်လမ်းနည်းမလိုက်ပဲ ဘယ်လိုအောင်မြင်အောင်ပြုလုပ်မလဲဆိုတာကို တွေးတောဆင်ခြင်ကာ အဲ့ဒီနည်းလမ်းအတိုင်း ကြိုးစားလုပ်ဆောင်တတ်ကြပါတယ်။

၉။ရှုံးနိမ့်ပြီးတာနဲ့ ရပ်တန့်လိုက်ခြင်း
အရှုံးတစ်ခုခုနဲ့ ရင်ဆိုင်လိုက်ပြီးတာနဲ့ မိမိရဲ့စိတ်ကူးအိပ်မက်တွေကို ရေစုံမျှောစွန့်လွှတ်လိုက်ခြင်းဟာ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေရဲ့ အလုပ်ပါ။ အောင်မြင်တဲ့စွန့်ဦးတီထွင်သူတစ်ဦးဟာ ရှုံးနိမ့်မှုတွေကို နှစ်သက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုရှုံးနိမ့်သွားခြင်းက သင်ခန်းစာတွေအများကြီးသင်ယူနိုင်ပြီး အောင်မြင်မှုအတွက် ပိုမိုနီးစပ်အောင် တွန်းပို့ပေးနိုင်တယ်လို့ ခံယူထားကြလို့ဖြစ်ပါတယ်။ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့နေပါစေ၊ မလျှော့သောဇွဲနဲ့ ကြိုးစားရုန်းကန်ခြင်းဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေသာ စွမ်းဆောင်နိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

၁၀။ရလာဒ်ကို မြန်မြန်မျှော်ကိုးခြင်း
ခုရေတွင်းတူး ခုရေကြည်သောက်လို့မရသလိုပါပဲ။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတစ်ခုကနေ လျှင်မြန်တဲ့အောင်မြင်ကျော်ကြားမှုရလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ ဘယ်အရာမဆို ဇွဲရှိရှိနဲ့ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းရမယ်ဆိုတာကို စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေက သိထားကြပါတယ်။ မျှော်မှန်းချက်ကြီးမားလေလေ ပိုပြီးစောင့်ဆိုင်းကြိုးစားရလေပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိချမှတ်ထားတဲ့ပန်းတိုင်ကို နေ့တိုင်းမပြတ် ကြိုးစားလှမ်းလျှောက်နေပြီး အောင်မြင်မှုကိုလည်း ချက်ချင်းမမျှော်ကိုးတတ်တာဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့စွန့်ဦးတီထွင်သူတွေရဲ့ ထူးခြားတဲ့အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *